လူသားနှင့် ခံစားခြင်း အနုပညာ
တစ်ခါတရံ လူသားတစ်ယောက်ဖြစ်နေသော မိမိကိုယ်ကို အားမလို အားမရဖြစ်မိသည်။ နာကျင်ခံခက်မှန်း သိသော်လည်း လူသားသည် နာကျင်မှု အပေါ်သာယာနေ၏။ ခံစားမှုများအား ထိန်းချုပ်နိုင်စွမ်းမရှိ။ (၀ါ) ထိန်းချုပ်ဖို့ရာ တစ်ရာ ရာခိုင်နှုန်း အားမထုတ်ခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။
၃ အောက်တိုဘာ ၂၀၀၈
မနက် ၄နာရီ ၂၆ မနစ်
သောကြာနေ့
လွမ်းနာ
အလွမ်းကို ရင်နဲ့ မက
ကျောနဲ့ ထမ်းထားပါ့မယ်
အမြစ်ကျန်တဲ့
တမ်းတနာက တဆစ်ဆစ်ကိုက်တယ် ။
သက်ပြင်းချတယ်..
ဘယ်ကို လှိမ့်တယ်..
ညာကို ရုန်းတယ်..
အိမ်မက်ကို
စိတ်နဲ့ ခတ်ထုတ်လိုက်တယ်..
ခေါင်းရင်းမှာ အမှောင်တွေက
အုပ်ဖွဲ့ လှောင်ပြောင်လို့ ။
လာပါစေတော့.. ဒီညထဲ
စိတ်ရဲ့ ပရမ်းပတာ လွင့်မျောမှုမှာ
အတိတ်ကာလတွေက
တပ်မက်မှုတွေ ခါးတစ်ခွင်ခွင်ပြီး
ပိုသီဖတ်သီ ပြေးဝင်ဝင်လာတယ် ။
ဘယ်မှာလဲ .. ချစ်သူရယ်
အဲဒီလို..အလင်္ကာဆန်ချင်တယ်ဆို
ကာရံတွေ နှစ်တစ်ရာမက
ချို့သွားကြလိမ့်မယ်…ငါရဲရင့်စမ်းပါရစေ ။
လွမ်းနာကို လွမ်းနာလို့ပဲချရေးခဲ့မယ်
ဘယ်အရောင်ပေါ်မှာမှတော့ နောက်ခံထားမကြည့်ပါနဲ့
ဒီသက္ကရာဇ်ရဲ့ ဒီလ …….
ဒီနေ့ …….
ဒီည…….
ဒီအချိန်တိတိမှာ……
လူတစ်ယောက်သမိုင်းထဲ
အလွမ်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်။ ။
အတိတ်ကို ပျံသန်း – အငဲ
ဒိုင်ယာရီအိမ်အိုဟောင်းလေးထဲ ငါ ကြုံပြီ ဒါဟာ အချစ်တဲ့လား
ပျော်ရွှင်ဖွယ်နေ့များ ဝေးသွားတော့
ကံကြမာရယ် ဝေဒနာတွေဟာ ရောက်ရှိခဲ့
ဘယ်ဆီမှာလဲ တစ်ခါက တို့ချစ်ခြင်း နေ့ရက်များ ငါ ဆုံးရှုံး
ဝေးမသွားခင် ဖက်ထားစမ်းပါ ချစ်တတ်ရင် မငိုနဲ့ဦး
အိုး…. စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
တို့အဖြစ်က ဆိုးလွန်း အတိတ်ကို ပြန်တွေးတိုင်း ငါ့နှလုံးသား ကွဲအက်
ဒါဟာ ပုံပြင်အဟောင်းလေးတစ်ပုဒ်
အချစ်ကြောင့် အလွမ်းရဲ့ ဒုက္ခကျေးကျွန်များ
သွေးကြောထဲ စိမ့်ဝင် မင်းရဲ့အနမ်းလေး…
တစ်ခါက မင်းရယ်ကိုယ် ချစ်ခြင်းကောင်းကင်မှာ
ဒီအတိတ်ရဲ့နေ့လေး… အတိတ်ရဲ့နေ့လေး… အို…
တစ်ချိန်မှာ ဒီလိုခွဲကြဖို့ ငါလေ ကြိုတင်မစဉ်းစားခဲ့
ရီဝေစွာ ယစ်မူး မင်းအချစ်နဲ့ ဒီရာသီချိုတွေ ငါ ဖြတ်လျှောက်ရင်း
ဘယ်ဆီမှာလဲ ဟို တစ်ခါကချစ်ခဲ့ခြင်း နေ့ရင်းများ ငါ လွမ်းနေလိုက်
မင်းပါးပြင် ခိုနားဖို့ရာ ငါနေ့တွေ ပြန်ရမလား…
အိုး…. စည်းများခြားလို့ တို့နှစ်ယောက် ဝေးကွာသွား
တို့အဖြစ်က ဆိုးမြဲ အတိတ်ကို ပြန်တွေးတိုင်း ငါ့နှလုံးသား ကွဲအက်
ဒါဟာ ပုံပြင်အဟောင်းလေးတစ်ပဲ
အချစ်ကြောင့် အလွမ်းရဲ့ ဒုက္ခကျေးကျွန်များ
သွေးကြောထဲ စိမ့်ဝင် မင်းရဲ့အနမ်းလေး…
တစ်ခါက အချစ်တွေကို ပြန်ရလိုက်ချစ်တယ်
ငါတို့ရဲ့ နေ့လေး… ငါတို့ရဲ့နေ့လေး.. ရေး…
စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
အေးချမ်းတဲ့ ချစ်သူ ကောင်းကင်ရဲ့အရိပ်
တစ်ခါက ပါးပြင်မှာ ခိုနားလိုက်ချင်တယ်
ငါတို့ရဲ့ နေ့လေး… ငါတို့ရဲ့အချစ်လေး..
စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
ငါ မေ့မရနိုင်ခဲ့…
တို့ရဲ့ အချစ်လေး… ပြန်ရဦးမလား မျှော်လင့်ခဲ့
စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
စွန့်ပစ်ခဲ့ မင်းနဲ့ တို့ဘ၀ဟာ ဝေးပြီ
အချစ်ကြောင့် အလွမ်းရဲ့ ဒုက္ခကျေးကျွန်များ
ဒါနောက်ဆုံး အနမ်း
စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
အတိတ်ရဲ့ နေ့လေး….
စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား။ ။
(အငဲရဲ့ စိတ်ရွက်လှေစီးရီးမှ)
လူနှင့်စိတ်
အရင်ကဆို အိပ်ပြန်မိုးချုပ်လျှင် အိမ်သို့ကုတ်ချောင်းချောင်း ၀င်ရသည် ချည်းပင်။ တစ်စုံတစ်ခု လုပ်မည်ဆိုလျှင် အိပ်ပြန်နောက်ကျမည်လား.. အိမ်ကသိလျှင်မည်သို့ ဖြစ်မည် နည်း စသည်ဖြင့် မလွတ်လပ်နိုင်ပါ။ အိမ်ပြန် ရောက်ပြီဆိုလျှင်လည်း မိသားစုနှင့်စကားပြော တီဗွီကြည့် အချိန်များ မည်သို့ကုန်၍ ကုန်သွားမှန်းပင်မသိပေ။ ခေါင်းထဲတွင် ငါမလွတ်ဘူး ဆိုသောအသိသည် စိုးမိုးနေသည်။ ငါလွတ်လပ်ချင်သည်။ ဤမြေဤရေ၌ ငါမလွတ်လပ်။
ယခု ကျွန်ပ်လွတ်လပ်နေပေပြီ။ ဤအရပ်၌ ကျွန်ပ် ပြန်လိုသည့် အချိန်ပြန်နိုင်သည်။ သွားလိုသည့်နေရာ သွားနိုင်သည်။ ပြောလိုသည့် စကား ပြောနိုင်သည်။ အခန်းသို့ ကုပ်ချောင်းချောင်း ပြန်လာရန်မလို။ အဖေအိပ်ပြီလား ကြည့်ရန်မလို။ ဟို ဒီ အကြောင်းပြချက်များ ပေးရန်မလို။ ဟိုမျက်နှာ ဒီမျက်နှာ ကြည့်ရန်မလို။ သို့သော် အဘယ်ကြောင့် ကျွန်ပ်နေထိုင်ရာအခန်းသည် မှုန်ကုပ်ကုပ် ဖြစ်နေသနည်း။ သန်းခေါင်းနှင့်အတူ ရောနှောပါလာသော လရောင်သည် အဘယ်ကြောင့် အထီးကျန်ရောင် သန်းနေသနည်း။ အဘယ်ကြောင့် အွန်လိုင်းတွင် စကားပြောဖော်တစ်စုံ တစ်ယောက်များရှိလေမည်လားဟု ရှာဖွေမိနေသနည်း။ အဘယ်ကြောင့် အအိပ်ခက်နေသနည်း။ အခန်း တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ကျွန်ပ်အား စောင့်ကြိုနေသည့် တစ်စုံတစ်ရာ အဘယ်ကြောင့်ရှိမနေသနည်း…..ဥပမာ ခွေးလေး ဖြစ်ဖြစ် ကြောင်လေး ဖြစ်ဖြစ်…နာရီနှိုးစက်မြည်သံပင် ခြောက်ကပ်ကပ်နိုင်လှသည်။ လူဆိုသည်မှာ အုံသင်းဖွဲ့နေထိုင်တတ်သောသတ္တ၀ါများဖြစ်သည် ဆိုသည်မှာ မှန်နေပြီလော။ သို့မဟုတ် ကျွန်ပ်သည် မွေးစတည်းက မလွတ်လပ်ခြင်းနှင့် ယဉ်ပါးခဲ့ ၍လော။ သို့တည်းမဟုတ် လူတို့၏စိတ်သည် မူလ၌ပင် အချုပ်နှောင်ခံလိုသော သဘောရှိ၍လော..။ ဤသို့ဆိုလျှင် လူသားတို့သည် လွတ်မြောက်မှုကို ရှာဖို့မသင့်တော့ပေ။အဘယ်ကြောင့်ဆိုသော် ဘယ်သောခါမျှ တွေ့နိုင်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ထင်ရောင်ထင်မှားဖြစ်မှုများသာဖြစ်မည်။
လူသားများသည် မိမိတစ်ဝပ်စာ အကျဉ်းထောင်ဆောက်၍ နေထိုင်သူများဖြစ်သည်။ တစ်ခါတရံ လောဘကြီး၍ တခြား မိမိတွယ်ရာ လူများအတွက်ပါ အကျဉ်းထောင်များ ဆောက်လုပ် ပေးတတ်ကြသေးသည်။ထိုသို့ဆိုလျှင် ကျွန်ပ်သည် မည်သို့သော လူသားမ တစ်ယောက် ဖြစ်နေပြီနည်း။ ကျွန်ပ်ကိုယ်တိုင် တည်ဆောက်နေထိုင်သော အကျဉ်းထောင်သည် အတော်ပင် ခိုင်ခန့်နေပြီမှန်း သိသော်လည်း ကျွန်ပ်ချစ်သော သူများအား မည်သို့သော အကျဉ်းထောင်များ ဆောက်လုပ် ပေးခဲ့မိပြီနည်း….. ဤမှုန်ကုပ်ကုပ်အခန်းငယ်ထဲတွင် ကျွန်ပ်နှင့်အတူ ကျွန်ပ်၏ပုံရိပ်ယောင်များလည်း ရှင်သန် နေထိုင်လျုက် ရှိကြောင်း ထိတ်လန့်စွာ တွေ့ရှိခဲ့၏။
အနမ်း
အိပ်ပျော်နေတာလဲ မဟုတ်ဘူး
အိပ်ငွေ့ချခံထားရတာမျိုးလည်း မဟုတ်ဘူး…
အိပ်မက်မက်နေတာလည်း မဟုတ်ဘူး
တကယ့်လက်တွေ့ဘ၀လည်း မဆန်ပြန်ဘူး…
ပိတ်ထားတဲ့ မျက်ဝန်းတွေကြောင့်လား
ရင်ခုန်သံတွေ လေဟုန်စီးထွက်ခဲ့တာ
ချယ်ရီတွေ ဖွေးဖွေးလှုပ်လွင့်ပျံ့နေတဲ့
ပန်းခရမ်းရောင်တောင်ကုန်းလေးရယ်..
ပန်းအိပန်းဆိုင်း ငွေမင်ရောင် အမှုန်အမွှားတွေကပ်ညိနေတဲ့
ဝါဂွမ်းတိမ်စိုင်လေးတွေရယ်..
မြသလင်းရောင်ဖျတ်ဖျတ်လက်နေတဲ့…
လရောင်တေးသွားရေတံခွန်စိမ့်စမ်းလေးတွေရယ်…
ထူထူထဲထဲနွေးထွေးတဲ့ ဒဏ္ဍာရီလာ နွေဦးရာသီမြို့တော်လေးရယ်…
စိတ်ဝိညာဉ်ထက် နူးညံ့ပါးလှပ်တဲ့ ၀င်သက်ထွက်သက်တွေထဲ
ဘ၀တစ်ခြမ်းစာ ယစ်မူးရဲရင့်သွားအောင်
ပျောက်ဆုံးခဲ့မိတယ်..
လင်းပြာနွေ
၂၅. ဂျူလိုင်လ. ၂၀၀၈
တောင်တောင်အီအီများ ၂
လူတိုင်းတွင် ညစ်ညမ်းသော စိတ်ထားများသာမာန်အားဖြင့်မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် မွေးဖွားခဲ့ခြင်းမှာ သန့်စင်၍ဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီး လူသားတိုင်းသည် ညစ်ညမ်းရန် အသင့် ဖြစ်နေသူချည်းသာ။ အမှန်ဆို ညစ်ညမ်းချင်မှလည်း ညစ်ညမ်းကြပါလိမ့်မည်.. သို့သော် ညစ်ညမ်းသည့် အတတ်အား အလိုအလျောက် တတ်ကျွမ်းပြီးသွားကြလေပြီ… တချို့လူများသည် လူ့အဖွဲ့စည်း၏ မှိုများဖြစ်ကြသည်။ ၄င်းမှိုများသည် ပတ်ဝန်းကျင်ရှိ လူများအား ယားယံစေသည်။ ဟောဟိုမှာ လူများ ကုတ်ဖဲ့နေကြ၏… သေချာပြီ၊ ဒီပတ်ဝန်းကျင်၌ မှိုများ ထူပြောစွာ ပေါက်ရောက်နေပေပြီ။ တချို့လူများသည် လူကောင်းများဖြစ်သည်။ သူတို့သည် လူကောင်းလည်း ဖြစ်ချင်ကြသည်။ နာမည်ကောင်းအား အမဲလိုက်ရင်း တောလည်သွားသော လူများ မရေမတွက်နိုင်… အိမ်သို့ ပြန်မရောက် နိုင်ကြတော့ပေ။ ကျွန်မလူကောင်းမဖြစ်ချင်ပါ။ တချို့လူများသည် လူယဉ်ကျေးများဖြစ်၏။ သူတို့သည် လူယဉ်ကျေးလည်း ဖြစ်လိုကြသည်။ လူ့အဖွဲ့အစည်းထဲ၌ အစွမ်းကုန် ယဉ်ကျေးပြစ်လိုက်ဖို့ရာ အားထုတ်ပြီးဖြစ်သည်။ ကျွန်မ လူရိုင်းတစ်ယောက်သာ ဖြစ်လိုပါသည်။ တချို့လူများသည် အဖြူရောင်ဖြစ်သည်။ အကောင်းမြင်များလည်း ဖြစ်သည်။ အကောင်းမြင်ခြင်းဖြင့် စိတ်ပဋိပက္ခမှ ရုန်းရန်ရှောင်သည်။ အဆိုးမြင်ခြင်းသည် အမှန်တရားနှင့် ပိုနီးစပ်၏။ စိတ်နှင့် အပြိုင်ရုန်းရန် ကျွန်မ စိန်ခေါ်ပါသည်။ ကျွန်မသည် ရှဥ့်တစ်ကောင် မဟုတ်ပါ။ အစွယ်မရှိသော တီကောင် ထုံထိုင်းထိုင်းကြီးတစ်ကောင်လည်း မဟုတ်ပါ။ အမှန်ဆို လူတိုင်း၌ ခါးပိုက်ပိုက်ထားသော မြွေပွေးတစ်ကောင်စီ ရှိကြသည်။ ၄င်းမြွေပွေးသည် ထိုသူတို့၏ အတ္တဖြစ်သည်။ သို့သော် လူတို့သည် ထိုမြွေပွေးနှင့် အတော်ယဉ်ပါးခဲ့ ပြီးဖြစ်လေသည်။ချစ်သူသည် ကျွန်မအတွက်တော့ အနူးညံ့ဆုံးသော အာရုံခံစားမှုတစ်ခုဖြစ်သည်။ ပညာသည် ကြောက်စိတ်မှ ပုန်းအောင်းရာ ခံတပ်တစ်ခုဖြစ်သည်။ အနုပညာသည် စိတ်ဝိညာဉ်ခိုနားရာ အကိုင်းအခက်တစ်ခုဖြစ်သည်။
ဆက်ရန်…….
ငိုမိတဲ့ညတွေ
ငါ ဟိုနေ့တနေ့ညက ငိုတယ်
အဲဒီနေ့ပြီးတဲ့ ခါ နောက်တနေ့မှာလည်း ငါငိုပြန်တယ်
အဲဒီနေ့ပြီး နောက်တစ်နေ့ မှာလည်း ငါငိုခဲ့ ပြန်တယ်
အမှန်ဆို ငါ မငိုချင်ပါဘူး
ငါ့မျက်ရည်တွေ ကျကျလာလို့ပါ
ငါ့မျက်ရည်တွေ ကျကျလာတိုင်း ငါ့ရင်ဘတ်တွေ အောင့်အောင့်လာတယ်
ဒီအကြောင်းတွေ ချစ်သူကိုမပြောဘူး…………
ငါနာမကျန်းလို့ ညလုံးပေါက်ငိုရတဲ့ အကြောင်းတွေ
ချစ်သူကို မပြောဘူး…………….
ငါလွမ်းရလွန်းလို့ တညလုံးထိုင်ငိုခဲ့ရတဲ့ အကြောင်းတွေ ချစ်သူကို မပြောဘူး…………
ငါဝမ်းနည်းရလွမ်းလို့ ငိုခဲ့ရတဲ့ အကြောင်းတွေချစ်သူကို မပြောဘူး…………….
ငါငိုရလွန်းလို့ ငိုမရတော့တဲ့ ညတွေ ချစ်သူကို မပြောဘူး…………….
ငါတစ်ယောက်တည်း ခြောက်ခြားကြောက်ရွံ့နေရတဲ့ ညတွေ
ငိုမိတာ ချစ်သူကို မပြောဘူး………………
ငါတစ်ယောက်တည်း ငိုငို နေရတဲ့ အကြောင်းတွေ ချစ်သူကို မပြောဘူး……..
ငါတစ်ယောက်တည်း ငိုရင်းနဲ့ ရေးဖြစ်ခဲ့တဲ့ ဒီကဗျာအကြောင်းလည်း
ချစ်သူကို မပြောတော့ပါဘူး……………
လွမ်းမောမှုများ
ကာလတွေထဲ ပစ်ချခံထားရတဲ့
ဝင်လေထွက်လေတိုင်းမှာ အမှတ်တရလို့ခေါ်မယ့်
တချိန်မှာ…..ရင့်မှည့်ချင်လည်း ရင်မှည့်သွားနိုင်မယ့်
တချိန်မှာ…..ပုပ်သိုးချင်လည်း ပုပ်သိုးသွားနိုင်မယ့်
အ၀ါရောင် သစ်သီးတစ်လုံးရှိတယ်…
ဟိုတုန်းကလည်း ဒီလိုအသက်ရှူနှုန်း
ဒီလိုရာသီ
ဒီလို ၀န်းကျင်
ဒီခန္ဓာ
ဒီလိုအခင်းအကျင်း
ဒီနာမည်နဲ့ ငါဟာ
ဒီအချိန်မျိုးတွေကို ဖြတ်သန်းဖူးသားနဲ့
ခုမှဘာလို့ ဒီလောက်ခဲယဉ်းနေသလဲ
တိမ်နိမ့်တွေ ..
ကောင်းကင်ထဲ အုပ်ဖွဲ့ပျံသန်းနေပုံများ
အထီးကျန်မှုဆိုတာ စိတ်ဝိညာဉ်ထဲ
ထုပ်ပိုးသိမ်းဆည်းထားပြီးသားဖြစ်တဲ့
ဘ၀ရဲ့ လက်ဆောင်မွန်
ဒီ့ထက် လတ်ဆတ်ဖို့ရာ
ကိုယ့်သမိုင်းကိုပဲ သက္ကရာဇ်ဖြိုပစ်ရမည်လား
ကိုယ့်ရင်ခုန်သံကိုပဲ
ချိန်သားကိုက် ဖန်တီးရမည်လား
ဝေ့၀ဲကျနေတဲ့ ရှင်သန်မှုအလျားထဲ
အတိတ်တွေဟာ အသိအမှတ်ပြုမခံရတဲ့
အိပ်မက်လှလှလေးတွေဆိုပါစို့
ဟောဒီညမှာ
ငါဟာ ငါ့အနာဂတ်တွေကို အုံ့အုံ့ဆိုင်းဆိုင်း
လွမ်းဆွတ်နေလေရဲ့………
ူ
ဆောင်းဒိုင်ယာရီ
အိမ်အပြန်လမ်းက မှောင်မဲပြီး တိတ်ဆိတ်လို့။ လူခြေသံတွေကိုတောင် မကြားရ။ ဘ၀ကို တိတ်တိတ်ဆိတ်ဆိတ် တစ်ယောက်တည်း ဖြတ်သန်းရတဲ့အခါမျိုးတွေလည်း ရှိရဲ့။ အရင်လိုလည်း “ဘယ်မှာလဲ ပန်းတိုင်” ဆိုပြီး သွေးရူးသွေးတမ်း ဖြစ်မနေတော့ပါ။ အမှောင်ထုနဲ့အတူ လုံးထွေးရောပါလာတဲ့ ဖုန်မှုန့်တွေနဲ့ အေးစက်စက် လရောင်ကို အဆုပ်ထဲထိ မှန်မှန်ရှူသွင်းနေလိုက်တယ်။ ပြီးတော့ လမ်းလျှောက်နေလိုက်တယ်။
နေ့စဉ်လုပ်နေကျ အလုပ်တွေဟာ ဘာတွေများလဲ…။ ဆောင်းရာသီးဖြစ်ဖြစ်… ဘာဖြစ်ဖြစ်ပါ။ အနွေးထည်ငတ်ရတဲ့အလုပ်တစ်ခု လိုတာကလွဲရင် အားလုံးပုံမှန်။ စည်းချက်ကျကျ တစ်ခါတလေ သံစဉ်လွဲနေတဲ့ နေ့တစ်နေ့လောက် တောင့်တမိရဲ့။ ငယ်ငယ်တုန်းက တက်ခဲဖူးတဲ့ ဂန့်ကော်ပင်ကြီးရဲ့ ထိပ်ဖျားကို လွမ်းတယ်။ ခုလောက်ဆို ဂန့်ကော်တွေ ဝေနေရောပေါ့။ ငယ်ငယ်တုန်းက ကျောင်းအုပ်ဆရာမကြီး ထိုးတတ်တဲ့ ကြေးခေါင်းလောင်းကြီးရဲ့ ကျောင်းတက်ခေါင်းလောင်းသံကို လွမ်းတယ်။ ခုနေတော့ ကျောင်းတွေမှာ လျှပ်စစ်ခေါင်းလောင်းသံတွေ စီစီညံနေရောပေါ့။
ဆောင်းရာသီကို ထားရစ်ခဲ့ကြပြီဖြစ်တဲ့ ချစ်သူ၊ ခင်သူများ… ခုနေလှမ်းမျှော်ကြည့်တဲ့အခါ မြူတွေလား.. တိမ်တွေလား မကွဲပြားပါ။ နှင်းငွေ့တွေနဲ့အတူ မြောပါလာတဲ့ရင်ခုန်မှု၊ ပျော်ရွှင်မှု၊ စွဲလန်းမှု၊ တမ်းတမှု၊ လွမ်းမောမှု၊ ကြေကွဲမှုတွေဟာ နွေရာသီ ဖြူတွေထဲမှာ ရောနှောပျောက်ဆုံးသွားခဲ့ကြပြန်တယ်။ ဘ၀ဆိုတာ ရထားတစ်စင်းဆိုရင် ငါ ငြင်းတယ်။ ရထားမှာ ပန်းတိုင်ဆိုမျိုးရှိနေလို့။ တစ်ချိန်တည်းမှာပဲ ဘ၀ဆိုတာ ရထားတစ်စင်းဆိုတာကို ငါ လက်ခံတယ်။ ရထားပြတင်းကနေ မြင်နေရတဲ့ မြင်ကွင်းတွေဟာ ဖန်တစ်ရာတေ ခြောက်သွေ့ငြီးငွေ့ဖွယ် ကောင်းလွန်းနေပြန်လို့။ ဘယ်လိုလဲ ချစ်သူ.. မင်းရော ဘ၀ဆိုတာကို အဓိပ္ပာယ်ဖွင့်ချင်တုန်းလား..
ဒီလိုဆို အိပ်ယာထဲ လူးလှိမ့်ပြီး အေးချမ်းမှုမှာ အခြောက်တိုက် ငြီးငွေ့နေရုံလား.. စိတ်ကူးထဲက ဆောင်းရာဟာ ဒီထက် ခမ်းနားတာတော့ အမှန်ပဲ။ ဒါပေမယ့် အဲဒီစိတ်ကူးဟာ အတော်ဟောင်းနွမ်းသွားခဲ့ပြန်ပါပြီ။ ဒီထက်သစ်လွင်တဲ့ စိတ်ကူးတွေဟာလည်း လင်းလိုက် မှိန်လိုက်။ ခိုက်ခိုက်တုန်အေးခဲနေတဲ့ ဆောင်းညတစ်ညမှာ အခန်းကို မီးမှောင်ချ (အလင်းရယ်လို့ တစ်မှုန်တောင် မ၀င်နိုင်အောင်) မျက်စိကို မျှင်းမျှင်းမှိတ်ပြီး “၀ိုင်ဝိုင်း”ရဲ့ “သမင်လည်ပြန်” သီချင်းကို တိုးတိုးနားထောင်ကြည့်တော့… မျက်ဝန်းထဲ ရေနွေးစီးကြောင်းတစ်ခု ဖြတ်သန်းစီးလာတယ်။ “တောင်းပန်ပါရစေ”လို့တော့ ဘယ်တော့မှ ထပ်ပြောမိမယ် မထင်တော့ပါဘူး။
ရင်ခုန်သံတွေလည်း ဆောင်းတိုက်စားလို့ တရိရိ ပွန်းပဲ့ပါးလျားသွားခဲ့ရပြီ။ နှလုံးသားမှာ ဆောင်းကိုက်ခံရလို့ နာကျင်ခဲ့တဲ့ အမာရွက်တစ်ခု ထင်းထင်းကျန်လို့… အေးခဲနေတဲ့ ဆောင်းက ရင်ထဲမှာ စွတ်ရွတ် နေရာဝင်ယူနေပြန်တယ်။ ခုလောက်ဆို လမ်းမီးတိုင်အောက် ရွက်ခြောက်တွေ လွင့်ချင်ရာ လွင့်သြွးကြရောပေါ့။ နီဝါရောင်အလင်းတွေ ဖျာလဲစီးမျောနေတဲ့ ကတ္တရာလမ်းနက်နက်ကြီး ရှည်လျားနေလိုက်ပုံက “ဘ၀”တစ်ခုကျနေတာပဲ။ ဝေးလိုက်တာ လရောင်ရယ်.. ငါ့ကိုယ်ပေါ် လွှမ်းတယ်ဆိုရုံလေး လွှမ်းကျနေလိုက်တာ… ရီဝေမူးနောက်လို့… ချစ်သူအမည်နာမကို မေံလျော့နေလောက်အောင်ကို… မင်း သိပ်ဖျားယောင်းနိုင်တာပဲ…။
မှန်တာပြောရရင် ခုချိန်ခါမှာ အရာအားလုံး ဖျားယောင်းနိုင်လွန်းနေတယ်။ ဘာရနဲ့မှ ပါမလာတဲ့ ဆောင်းလေအေးတွေ.. ဘာဂီတမှ လွှမ်းခြုံမထားတဲ့ မှုန်ကုပ်ကုပ်ကဖေးဆိုင်လေးရဲ့ အခင်းအကျင်းတွေ.. ခင်မင်မှု အဖြူထည်သက်သက် အပြုံးတွေ.. ဆင်းခဲ့တက်ခဲ့ဖူးတဲ့ လှေကားထစ်တွေ… ခရမ်းရောင် မျက်ဝန်းတစ်စုံ.. နောက်.. တ၀ီဝီပြေးနေတဲ့ ဘတ်စကားအိုကြီးတွေရဲ့ ငြီးသံတွေ.. နောက်.. ဘယ်သူဆွဲလို့ ဘယ်ကမြည်လာမှန်း မသိတဲ့ ခေါင်းလောင်းကလေးရဲ့အသံ.. ကလေးတစ်ယောက်ရဲ့ အာခေါင်ခြစ်ငိုသံ.. တစ်စုံတစ်ယောက်ရဲ့ တီးတိုးငြီးတွားသံ အားလုံး.. အားလုံးက ဖျားယောင်းနိုင်လွန်းနေတယ်။
ဘ၀မှာ တစ်ခါထပ် ဟောင်းနွမ်းခွင့်ရမယ်ဆို ဘာကိုများ ဟောင်းနွမ်းမိဦးမလဲ။ တကယ်လို့များ ဘ၀မှာ တစ်ခါထပ် ရူးမိုက်ခွင့်ရဦးမယ်ဆို ဘာကိုများ ရူးမိုက်မိဦးမလဲ။ ချစ်သူကို “မိုးရာသီလေး” အစား “ဆောင်းနှောင်းရာသီလေး”လို့ ပြောင်းခေါ်မိဦးမလား။ ဟင့်အင်း.. ချစ်သူကို ဆောင်းအိပ်မက်ထဲမှာ အပြီး “သတ်”ပစ်ခဲ့မှာ။ “အလွမ်း”ဆိုတာ နာတာရှည်ရောဂါ တစ်မျိုးဆိုလည်း ၀ဋ်နာကံနာတော့ မဖြစ်စေရပါ။ တဆစ်ဆစ်ကိုက်ခဲနေတဲ့ လွမ်းနာကျမှုဟာ ခန္ဓာကိုယ်ကို တိုးလျှိုပေါက် ထိုးခွင်းသွားတယ်။ ငါသာ လမင်းကို ထိုးထိုးဟောင်နေတဲ့ ခွေးတစ်ကောင်ဆိုရင် လူတိုင်းရဲ့ အိပ်မက်တွေမှာ ခွေးအဟာင်သံတွေ စီစီညံနေမှာ အမှန်ပဲ။ ဒီညမှာတော့ လမင်းကို ထိုးမဟောင်တော့ပါဘူး။ မော့ကြည့်ငေးမောမှုတွေလည်း မလုပ်တော့ဘူး။ လရောင်မှာလည်း ယစ်မူးသာယာ မနေတော့ဘူး။ အေးစက်စက် ညဥ့်ယံမှာ တိတ်တိတ်လေး ခွေအိပ်နေပါရစေ။ လမင်းကို လမင်းအတိုင်း ရှိပါစေပေါ့။ အိပ်မက်တွေလည်း မမက်ပါရစေနဲ့။ တိတ်တိတ်လေးသာ ခွေအိပ်နေပါရစေ။
ကြည့်စမ်း.. လူတိုင်း အိမ်တံခါးတွေ ဘာလို့ ဒီလောက်တောင် စေ့ပိတ်ထားကြတာလဲ။ ဆောင်းကို မျှောခဲ့တာလည်း သူတို့ပဲ မဟုတ်လား။ ဆောင်းကို ချစ်ရင် အေးခဲထုံဝေမှုကိုပါ ရင်ဖွင့်ပေးမထားသင့်ဘူးလား။ လာပါကွယ်… ငါက စောစော အိမ်ပြန်ရောက်ချင်တဲ့သူ မဟုတ်ပါဘူး။ လူအဖြစ်မှာ ကတ်သီးကတ်သတ်လေး ရပ်တည်နေတဲ့ ကောင်မလေးပါ။ သဘာဝတရားကို မြတ်နိုးပြီး.. ရယ်တတ်.. ငိုတတ်… သိုဝှက်တတ်တဲ့ ကောင်မလေးပါ။ ဒီထက်လည်း မပိုပါဘူး။ သံယောဇဉ်နဲ့လည်း မနှောင်ပါဘူး။ မျက်ဝန်းအကြည့်တွေနဲ့လည်း မချည်ပါဘူး။ တိတ်တိတ်လေး မြတ်နိုးနေရုံပါ။ ကြိတ်မှိတ်ပြီး မြတ်နိုးနေရုံပါ။ လာပါ.. လှမ်းခဲ့ပါ.. ဆောင်းရယ်…
ဆောင်းရာသီကြီးထဲ တစ်စုံတစ်ယောက် မွေးဖွားခဲ့သလား.. ငါမွေးခဲ့တာ မိုးရာသီ။ တကယ်ဆို လူတစ်ယောက်ဟာ တစ်ရာသီ မဟုတ် တစ်ရာသီမှာတော့ မွေးဖွားမှာပါပဲ။ ဆန်းလား… သဘာဝတရားထဲက ပြေးလွတ်ဖို့ဆိုတာ အားထုတ်နေဖို့လိုဦးမလား။ တကယ်ဆို အားထုတ်ဖို့ လိုအပ်တဲ့အရာရယ်လို့ မရှိသလောက်ပါပဲ။ ငယ်ငယ်တုန်းက ဆောင်းတွင်းတိုင်း ၀တ်ခဲ့ဖူးတဲ့ အနွေးထည်နီနီလေးကို သတိရတယ်။ ငါက “အဆိုးလေး”တဲ့ အဖေက ပြောတယ်။ တကယ်ဆို သဘာဝတရားကို အတုခိုးမှားခဲ့မိတာပါ။ ခုဆို ငယ်ငယ်ကလိုလည်း လိပ်ပြာတွေ လိုက်မဖမ်းတော့ပါဘူး။ ပိုးစုန်းကြူးတွေကိုလည်း ဖန်ပုလင်းထဲ ထည့်မလှောင်တော့ပါဘူး။ ဆောင်းရာသီကို ဆောင်းရာသီအတိုင်းလေး ငေးမောနေတတ်ခဲ့ပြီ။ ကောင်းကင်ကိုလည်း မော့မကြည့်ဘူး။ မြေပြင်ကိုလည်း ငုံ့ကိုင်းကြည့်မနေတော့ဘူး….။ မြောက်ပြန်လေတိုးသံ တ၀ီဝီကြားမှာ တံတားအောက်က ဖြတ်စီးနေတဲ့ ရေတွေရဲ့အသံသဲ့သဲ့ကို အောက်မေ့ဖွယ် ကြားယောင်နေပါတော့တယ်။
တောင်တောင်အီအီများ
ကျွန်မပညာတတ်ကြီးမဖြစ်ချင်ပါ။ကဗျာဆရာတစ်ယောက်မဖြစ်ချင်ပါ။ စာရေးဆရာတစ်ယောက်မဖြစ်ချင်ပါ။စီပွားရေးလုပ်ငန်းရှင်ကြီးမဖြစ်ချင်ပါ။ ဆရာဝန်တစ်ယောက်မဖြစ်ချင်ပါ။ကျောင်းဆရာတစ်ယောက်မဖြစ်ချင်ပါ။
ကျွန်မ…မဖြစ်ချင်ပါ။ဘာမှ…မဖြစ်ချင်ပါ။ ဒါပေမဲ့မဖြစ်ချင်ပါ။
၂
မိုးရာသီမို့မိုးရွာနေပါသည်။
ငယ်ငယ်တုန်းကလိုမိုးရေစီးကြောင်းတလျှောက်ဖိနပ်မပါလျှောက်ပြေးချင်မိသည်။
ထိုကိစ္စဆိုင်းငံ့ထားရဦးမည်။ မဟုတ်ဘူး…ပြေးချင်လည်းပြေးလိုက်လို့ရပါသည်။ ကျွန်မမိုးရာသီတွင်အသက်ပင်၀၀လင်လင်မရှူနိုင်အောင်အသည်းကွဲဖူးပါသည်။ မိုးရေထဲသို့နှလုံးသားအတိုအစအပဲ့အရွဲ့များအားမျှောခဲ့ဖူးပါသည်။
မှန်ပါသည်။ ကျွန်မမိုးရာသီများအားချစ်သည်။မဟုတ်ပါ။
ကျွန်မမိုးရာသီများအားမုန်းပါသည်။
မဟုတ်သေးပါ…ထားလိုက်…မိုးရာသီများအားမိုးရာသီထဲတွင်ချန်ထားခဲ့ပါ။
၃
ကမ္ဘာပေါ်တွင်ကိုယ့်ကိုကိုယ်အနှိပ်စက်ဆုံးလူအမျိုးအစားသည်
စာရေးဆရာများဖြစ်သည်။
ကမ္ဘာပေါ်တွင်စိတ်မနှံ့ဆုံးလူအမျိုးအစားသည်ငကြွားများဖြစ်သည်။
ကမ္ဘာပေါ်တွင်အချူချာဆုံးလူအမျိုးအစားသည်ပညာတတ်များဖြစ်သည်။
ကမ္ဘာပေါ်တွင်အပေါ့ပါးဆုံးလူအမျိုးအစားသည်ဥာဏ်ရည်ချို့ငဲ့နေသူများဖြစ်သည်။
ကျွန်မအခန်းထဲတွင်ပိုးဟပ်ပေါင်းမရေမတွက်နိုင်အောင်ရှိပါသည်။
ကျွန်မအမုံးဆုံးအရာမှာပိုးဟပ်နှင့်တယ်လီဖုန်းများဖြစ်သည်။
ဘ၀တွင်ကျွန်မအလိုချင်ဆုံးသောအရာမှာသမားရိုးကျဆန်ခြင်းဖြစ်သည်။
“အနုပညာသမားများသည်ကြီးကျယ်မြင့်မြတ်သည်”ဟူသောအဆိုကို
ကျွန်မအံ့သြမိပါသည်။
“ကြီးကျယ်မြင့်မြတ်မှု”ဟူသောစကားလုံး၏အဓိပ္ပာယ်ကို
ကျွန်မကောင်းကောင်းနားမလည်ပါ။
ပျောက်သွားသောကျွန်မကြောင်လေးသည်ကြီးကျယ်မြင့်မြတ်လှပါသည်
(သဒ္ဒါနှင့်အသုံးနှုံးမှားပါကပြင်ပေးစေချင်ပါသည်)။
ကျွန်မသည်အတ္တပေါလေးဖြစ်ပါသည်။ကျွန်မတွင်ဝါးပင်တစ်ပင်ရှိပါသည်။
၎
‘ယန်းပေါဆတ်’၏’နာမည်ကြီးအောင်လုပ်နည်း’၀တ္ထုတိုသည်
ကျွန်မအကြိုက်ဆုံးသောဝတ္ထုတိုဖြစ်သည်။
ကျွန်မတွင်ဒုစရိုက်မှုအတော်များများရှိပါသည်။
ပိုင်ရှင်မသိအောင်ခိုးဝှက်ရိုက်ယူထားသောဓာတ်ပုံတစ်ပုံရှိပါသည်။
နှစ်ရှည်လများထိမ်ဝှက်ထားသောအကြည့်တချက်ရှိပါသည်။
ကိုယ့်ကိုကိုယ်ညှင်းပန်းနှိပ်စက်ရန်ဆော်ထားသောမျှော်လင့်ချက်များရှိပါသည် (၄င်းတို့သည်အချိန်မရွေးမျှော်လင့်တတ်သောသဘောရှိသည်။)
ကျွန်မအိပ်ရာထဲတွင်ရွံစရာကောင်းသောကျွန်မဆံပင်များရှိပါသည်။
ကျွန်မအကြာခဏရွတ်တတ်သောကဗျာတစ်ပုဒ်သည်
‘ညီလေးရေတိရစ္ဆာန်ရုံသွားကြစို့’ဖြစ်သည်။
‘မားဆိုးလ်’သည်’သုံးဆယ့်ရှစ်ဖြာမင်္ဂလာ’မသင်ခဲ့ရသောကြောင်
့နောက်ဆုံးတွင်သေဘေးနှင့်ရင်ဆိုင်ခဲ့ရသည်။
ကျွန်မအတွက်ထိုကိစ္စပူရန်မလိုပါ။
‘သုံးဆယ့်ရှစ်ဖြာမင်္ဂလာ’ကဗျာအားကျွန်မကျေကျေညက်ညက်ရပါသည်။
ကြွက်များအားကျွန်မမကြောက်ပါ။မိုးကြိုးပစ်မှာကိုတော့ကျွန်မကြောက်ပါသည်။
ထို့ကြောင့်မိုးရွာတိုင်းထီးတစ်လက်နှင့်မမြဲကာထားတတ်ပါသည်။
ဒီနှစ်မိုးနည်းနည်းများပါသည်။
၅
ဘ၀ဆိုသည်မှာဗွက်စင်တတ်သောပြောင်ပြောင်လက်လက်ဖိနပ်တစ်မျိုးဖြစ်ပါသည် (လမ်းလျှောက်များလွန်းပါကတကိုယ်လုံးဗွက်ရည်များလူးသွားနိုင်ပါသည်။)
ဘုရားပွဲဈေးများတွင်တွေ့ရတတ်သော’လက်ကောက်ပစ်ခြင်း’ကစားနည်းမျိုးသည်
မသတီချင်စရာကောင်းလှသည်။
လက်ထဲတွင်ရှိသောငှက်သည်ပို၍ထိုက်တန်သည်ဟုမည်သူပြောသနည်း။
လက်ထဲတွင်ရှိသောငှက်ကလေးအတောင်ကျိုးနေပါသည်။
ချုံဖုတ်ထဲတွင်ငှက်နှစ်ကောင်သည်ငှက်ဖြစ်ဖို့ပို၍သေချာသွားသည်။
တိမ်များခရီးသွားနေသည်မှာမည်မျှကြာခဲ့ပြီနည်း။
သံလိုက်အိမ်မြှောင်များသည်ရယ်စရာအကောင်းဆုံးသောရုပ်ဝတ္ထုပစ္စည်းများဖြစ်သည်။
ပွဲဈေးတန်းများတွင်ကျွန်မစိတ်ဝင်အစားဆုံးသောအရာမှာ
ကောက်ညှင်းကျဉ်တောက်များဖြစ်သည်။
‘ဖုန်းဆိုးမြေ’နှင့်’ကောင်းကင်’တို့သည်
ကဗျာဆရာများလက်တည့်စမ်းလွန်းသော စကားလုံးများဖြစ်သည်။
ယူတိုးပီးရား’utopia’ဆိုသောစကားလုံး၏အဓိပ္ပာယ်အား
‘NO PLACE’ ဆိုသည်မှလွဲ၍ဘာမှမသိပါ။
စိတ်ကူးယဉ်ဝါဒီများသည်လူများဖြစ်ကြသည်
(တိရစ္ဆာန်များစိတ်ကူးယဉ်တတ်မယဉ်တတ်သေချာမသိပါ။)
ကျွန်မတွင်ဝါးပင်တစ်ပင်ရှိပါသည်။
၆
အက်ဗရယ်လပ်ဗင်း၏ ‘I’m with you’ သီချင်းကိုကြိုက်ပါသည်။ ကျွန်မငယ်ငယ်က’ဘောင်ဘောင်ဖောက်’ရသည်ကိုအလွန်နှစ်ခြိုက်ပါသည်။
ခွေးသည်ကျွန်မအချစ်ဆုံးသောသတ္တ၀ါဖြစ်ပါသည်။
‘ဘွန်ဇိုင်း’စိုက်ပျိုးနည်းအကြောင်းဂဃနဏမသိပါ။
ကျွန်မမှာချစ်သူုမရှိပါ။
ကျွန်မတို့လမ်းထဲကအရူးမတစ်ယောက်တွင်သမီးလေးတစ်ယောက်ရှိပါသည်။
ပိုက်ကျော်ခြင်းကစားနည်းသည်ကျွန်မအကြိုက်ဆုံးအားကစားနည်းတစ်ခုဖြစ်သည်။
လူမုန်းများသောသတ္တ၀ါသည်ကြွက်များဖြစ်သည်။
ဇာတ်ညွှန်းရေးဆရာများသည်လေပေါကြသည်။
စိတ်မျောလျှင်စိတ်နှင့်လိုက်ပါ။
လှည်းဘီးကတော့နွံထဲကျွံနေပါပြီ။ပုရွက်ဆိတ်များခရီးသွားနေကြသည်။
တစ္ဆေသရဲများနှင့်တူတူပုန်းတန်းကစားချင်သည်။ စိတ်အားချို့ငဲ့မှုအားစိန်ခေါ်ပါ။
လူသားဆန်ဖို့ဘိလိယက်ထိုးကြပါစို့။ချောင်းကိုပစ်တာမြစ်ရှာသွားဖို့ မဟုတ်ပါ။
JAT LAG ရောဂါသည်အူကြောင်ကြောင်နှင့်ပျော်စရာကောင်းလှသည်။
နောင်ဘ၀တွင်ကျွန်မလူဖြစ်မည်ဆိုပါက
လူလုပ်တမ်းကိုပျော်ပျော်ကြီး ကစားပစ်လိုက်မည်။
တဖက်သက်အချစ်သည်အတွင်းမှာလှိုက်စားနေသော
မာလကာသီးတစ်လုံးနှင့်တူသည်။
ဘကြီးဖြိုးအိမ်ပြန်ပြင်နေပြီလား….
၇
အိမ်ရှေ့တွင်ရှိသောရေတွင်းအားအိမ်နောက်ဖေးရွှေ့ပစ်ခဲ့သည်။
ခုနစ်ရက်သားသမီးပဲရှိသေးတော့ကျွန်မကစနေနေ့ထဲတွင်သွားမွေးဖွားခံရသည်။
ကျွန်မအိမ်ခေါင်းရင်းတွင်စံပယ်ပင်များရှိပါသည်။
ပြဇာတ်ကမည်လား…ခေါ်လိုက်ပါ…ဇာတ်သမားများဗန်ဒါသီးကြိုက်ကြသည်။
စိတ်ကူးများအမှိုက်လိုပုံနေသောကမ်းစပ်တစ်ခုတွင်ကျွန်မနေသည်။
ဒီရေလာပြီလား…ဘ၀သည်ရှည်လျက်တိုနေ၏။
ကျွန်မစာရေးဆရာတစ်ယောက်မဖြစ်ချင်ပါ။
၂၉ အောက်တိုဘာ ၂၀၀၅
စနေနေ့