လူနှင့်စိတ်
အရင်ကဆို အိပ်ပြန်မိုးချုပ်လျှင် အိမ်သို့ကုတ်ချောင်းချောင်း ၀င်ရသည် ချည်းပင်။ တစ်စုံတစ်ခု လုပ်မည်ဆိုလျှင် အိပ်ပြန်နောက်ကျမည်လား.. အိမ်ကသိလျှင်မည်သို့ ဖြစ်မည် နည်း စသည်ဖြင့် မလွတ်လပ်နိုင်ပါ။ အိမ်ပြန် ရောက်ပြီဆိုလျှင်လည်း မိသားစုနှင့်စကားပြော တီဗွီကြည့် အချိန်များ မည်သို့ကုန်၍ ကုန်သွားမှန်းပင်မသိပေ။ ခေါင်းထဲတွင် ငါမလွတ်ဘူး ဆိုသောအသိသည် စိုးမိုးနေသည်။ ငါလွတ်လပ်ချင်သည်။ ဤမြေဤရေ၌ ငါမလွတ်လပ်။
ယခု ကျွန်ပ်လွတ်လပ်နေပေပြီ။ ဤအရပ်၌ ကျွန်ပ် ပြန်လိုသည့် အချိန်ပြန်နိုင်သည်။ သွားလိုသည့်နေရာ သွားနိုင်သည်။ ပြောလိုသည့် စကား ပြောနိုင်သည်။ အခန်းသို့ ကုပ်ချောင်းချောင်း ပြန်လာရန်မလို။ အဖေအိပ်ပြီလား ကြည့်ရန်မလို။ ဟို ဒီ အကြောင်းပြချက်များ ပေးရန်မလို။ ဟိုမျက်နှာ ဒီမျက်နှာ ကြည့်ရန်မလို။ သို့သော် အဘယ်ကြောင့် ကျွန်ပ်နေထိုင်ရာအခန်းသည် မှုန်ကုပ်ကုပ် ဖြစ်နေသနည်း။ သန်းခေါင်းနှင့်အတူ ရောနှောပါလာသော လရောင်သည် အဘယ်ကြောင့် အထီးကျန်ရောင် သန်းနေသနည်း။ အဘယ်ကြောင့် အွန်လိုင်းတွင် စကားပြောဖော်တစ်စုံ တစ်ယောက်များရှိလေမည်လားဟု ရှာဖွေမိနေသနည်း။ အဘယ်ကြောင့် အအိပ်ခက်နေသနည်း။ အခန်း တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ကျွန်ပ်အား စောင့်ကြိုနေသည့် တစ်စုံတစ်ရာ အဘယ်ကြောင့်ရှိမနေသနည်း…..ဥပမာ ခွေးလေး ဖြစ်ဖြစ် ကြောင်လေး ဖြစ်ဖြစ်…နာရီနှိုးစက်မြည်သံပင် ခြောက်ကပ်ကပ်နိုင်လှသည်။ လူဆိုသည်မှာ အုံသင်းဖွဲ့နေထိုင်တတ်သောသတ္တ၀ါများဖြစ်သည် ဆိုသည်မှာ မှန်နေပြီလော။ သို့မဟုတ် ကျွန်ပ်သည် မွေးစတည်းက မလွတ်လပ်ခြင်းနှင့် ယဉ်ပါးခဲ့ ၍လော။ သို့တည်းမဟုတ် လူတို့၏စိတ်သည် မူလ၌ပင် အချုပ်နှောင်ခံလိုသော သဘောရှိ၍လော..။ ဤသို့ဆိုလျှင် လူသားတို့သည် လွတ်မြောက်မှုကို ရှာဖို့မသင့်တော့ပေ။အဘယ်ကြောင့်ဆိုသော် ဘယ်သောခါမျှ တွေ့နိုင်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ထင်ရောင်ထင်မှားဖြစ်မှုများသာဖြစ်မည်။
လူသားများသည် မိမိတစ်ဝပ်စာ အကျဉ်းထောင်ဆောက်၍ နေထိုင်သူများဖြစ်သည်။ တစ်ခါတရံ လောဘကြီး၍ တခြား မိမိတွယ်ရာ လူများအတွက်ပါ အကျဉ်းထောင်များ ဆောက်လုပ် ပေးတတ်ကြသေးသည်။ထိုသို့ဆိုလျှင် ကျွန်ပ်သည် မည်သို့သော လူသားမ တစ်ယောက် ဖြစ်နေပြီနည်း။ ကျွန်ပ်ကိုယ်တိုင် တည်ဆောက်နေထိုင်သော အကျဉ်းထောင်သည် အတော်ပင် ခိုင်ခန့်နေပြီမှန်း သိသော်လည်း ကျွန်ပ်ချစ်သော သူများအား မည်သို့သော အကျဉ်းထောင်များ ဆောက်လုပ် ပေးခဲ့မိပြီနည်း….. ဤမှုန်ကုပ်ကုပ်အခန်းငယ်ထဲတွင် ကျွန်ပ်နှင့်အတူ ကျွန်ပ်၏ပုံရိပ်ယောင်များလည်း ရှင်သန် နေထိုင်လျုက် ရှိကြောင်း ထိတ်လန့်စွာ တွေ့ရှိခဲ့၏။
တောင်တောင်အီအီများ ၂
လူတိုင်းတွင် ညစ်ညမ်းသော စိတ်ထားများသာမာန်အားဖြင့်မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် မွေးဖွားခဲ့ခြင်းမှာ သန့်စင်၍ဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီး လူသားတိုင်းသည် ညစ်ညမ်းရန် အသင့် ဖြစ်နေသူချည်းသာ။ အမှန်ဆို ညစ်ညမ်းချင်မှလည်း ညစ်ညမ်းကြပါလိမ့်မည်.. သို့သော် ညစ်ညမ်းသည့် အတတ်အား အလိုအလျောက် တတ်ကျွမ်းပြီးသွားကြလေပြီ… တချို့လူများသည် လူ့အဖွဲ့စည်း၏ မှိုများဖြစ်ကြသည်။ ၄င်းမှိုများသည် ပတ်ဝန်းကျင်ရှိ လူများအား ယားယံစေသည်။ ဟောဟိုမှာ လူများ ကုတ်ဖဲ့နေကြ၏… သေချာပြီ၊ ဒီပတ်ဝန်းကျင်၌ မှိုများ ထူပြောစွာ ပေါက်ရောက်နေပေပြီ။ တချို့လူများသည် လူကောင်းများဖြစ်သည်။ သူတို့သည် လူကောင်းလည်း ဖြစ်ချင်ကြသည်။ နာမည်ကောင်းအား အမဲလိုက်ရင်း တောလည်သွားသော လူများ မရေမတွက်နိုင်… အိမ်သို့ ပြန်မရောက် နိုင်ကြတော့ပေ။ ကျွန်မလူကောင်းမဖြစ်ချင်ပါ။ တချို့လူများသည် လူယဉ်ကျေးများဖြစ်၏။ သူတို့သည် လူယဉ်ကျေးလည်း ဖြစ်လိုကြသည်။ လူ့အဖွဲ့အစည်းထဲ၌ အစွမ်းကုန် ယဉ်ကျေးပြစ်လိုက်ဖို့ရာ အားထုတ်ပြီးဖြစ်သည်။ ကျွန်မ လူရိုင်းတစ်ယောက်သာ ဖြစ်လိုပါသည်။ တချို့လူများသည် အဖြူရောင်ဖြစ်သည်။ အကောင်းမြင်များလည်း ဖြစ်သည်။ အကောင်းမြင်ခြင်းဖြင့် စိတ်ပဋိပက္ခမှ ရုန်းရန်ရှောင်သည်။ အဆိုးမြင်ခြင်းသည် အမှန်တရားနှင့် ပိုနီးစပ်၏။ စိတ်နှင့် အပြိုင်ရုန်းရန် ကျွန်မ စိန်ခေါ်ပါသည်။ ကျွန်မသည် ရှဥ့်တစ်ကောင် မဟုတ်ပါ။ အစွယ်မရှိသော တီကောင် ထုံထိုင်းထိုင်းကြီးတစ်ကောင်လည်း မဟုတ်ပါ။ အမှန်ဆို လူတိုင်း၌ ခါးပိုက်ပိုက်ထားသော မြွေပွေးတစ်ကောင်စီ ရှိကြသည်။ ၄င်းမြွေပွေးသည် ထိုသူတို့၏ အတ္တဖြစ်သည်။ သို့သော် လူတို့သည် ထိုမြွေပွေးနှင့် အတော်ယဉ်ပါးခဲ့ ပြီးဖြစ်လေသည်။ချစ်သူသည် ကျွန်မအတွက်တော့ အနူးညံ့ဆုံးသော အာရုံခံစားမှုတစ်ခုဖြစ်သည်။ ပညာသည် ကြောက်စိတ်မှ ပုန်းအောင်းရာ ခံတပ်တစ်ခုဖြစ်သည်။ အနုပညာသည် စိတ်ဝိညာဉ်ခိုနားရာ အကိုင်းအခက်တစ်ခုဖြစ်သည်။
ဆက်ရန်…….
ငိုသံများ
လူကြီးတွေကရော…..
လိုချင်တာမရရင် ငိုတတ်ကြတာပါပဲ။ ဒါပေမဲ့ သူတို့ငိုသံတွေကဘယ်သူ မှမကြားနိုင်တဲ့ ငိုသံမျိုးတွေ။ အဲဒီငိုသံတွေကကလေးတွေရဲ့ငိုသံတွေလို မေ့မေ့ လျော့လျော့နဲ့ ပြီးဆုံးမသွားကြဘူး။ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ငိုချင်းရှည်မျိုးတွေ။ နှလုံးသားကို ဖွင့်ပြီးနားထောင်ကြည့်….. လူပေါင်းများစွာရဲ့ ငိုသံကိုကြားရလိမ့်မယ်။
ဒီလူတွေကရော ဘာဖြစ်လို့ ရိုးသားစွာ မငိုချင်ကြတာလဲ။ မငိုနိုင်ကြတာလဲ။ လိုချင်တာမရခဲ့သည့်တိုင် ကလေးတွေလို ဘာဖြစ်လို့ မေ့မေ့ပျောက်ပျောက်နဲ့ အငိုမတိတ်နိုင်ရတာလဲ။
တစ်ခုတော့ရှိတယ်။ ကလေးတွေရဲ့ ပိုင်ဆိုင်ချင်စိတ်က လွတ်လပ်တယ်။ အဲဒီပိုင်ဆိုင်ချင်စိတ်ရဲ့ နောက်မှာ အိပ်မက်အဆောက်အအုံ အကြီးကြီးမပါဘူး။ လူကြီးတွေကတော့ အိပ်မက်အဆောက်အအုံအကြီးကြီးတည်လို့။ ခက်တာက အဲဒီအဆောက်အအုံကြီးကို လူကြီးတွေ ဘယ်လိုမှ မဖြိုဖျက်နိုင်ကြဘူး။
ကျွန်မတို့ရော…… ဘယ်လို အိပ်မက်အဆောက်အအုံကြီးတွေ တည်ပြီး ငိုနေခဲ့ကြတာလဲ။ ဘယ်လိုငိုသံမျိုးတွေ ဖန်တီးနေခဲ့ကြတာလဲ။ တကယ်ဆို ကျွန်မတို့အားလုံး ငယ်ငယ်က လွတ်လပ်စွာ ငိုခဲ့ဖူးသူတွေပါပဲ။ ။
Thought
If I were you, I would take care of nature.
If I were you,I wouldn’t laugh at loving kindness.
If I were you, I would neglect traditional matters.
If I were you,I would stay away from opinions of human beings.
If I were you,I wouldn’t choose to be a vitim of faith.
If I were you,I would…………
If I were you ,I would……………………….