ငိုမိတဲ့ညတွေ
ငါ ဟိုနေ့တနေ့ညက ငိုတယ်
အဲဒီနေ့ပြီးတဲ့ ခါ နောက်တနေ့မှာလည်း ငါငိုပြန်တယ်
အဲဒီနေ့ပြီး နောက်တစ်နေ့ မှာလည်း ငါငိုခဲ့ ပြန်တယ်
အမှန်ဆို ငါ မငိုချင်ပါဘူး
ငါ့မျက်ရည်တွေ ကျကျလာလို့ပါ
ငါ့မျက်ရည်တွေ ကျကျလာတိုင်း ငါ့ရင်ဘတ်တွေ အောင့်အောင့်လာတယ်
ဒီအကြောင်းတွေ ချစ်သူကိုမပြောဘူး…………
ငါနာမကျန်းလို့ ညလုံးပေါက်ငိုရတဲ့ အကြောင်းတွေ
ချစ်သူကို မပြောဘူး…………….
ငါလွမ်းရလွန်းလို့ တညလုံးထိုင်ငိုခဲ့ရတဲ့ အကြောင်းတွေ ချစ်သူကို မပြောဘူး…………
ငါဝမ်းနည်းရလွမ်းလို့ ငိုခဲ့ရတဲ့ အကြောင်းတွေချစ်သူကို မပြောဘူး…………….
ငါငိုရလွန်းလို့ ငိုမရတော့တဲ့ ညတွေ ချစ်သူကို မပြောဘူး…………….
ငါတစ်ယောက်တည်း ခြောက်ခြားကြောက်ရွံ့နေရတဲ့ ညတွေ
ငိုမိတာ ချစ်သူကို မပြောဘူး………………
ငါတစ်ယောက်တည်း ငိုငို နေရတဲ့ အကြောင်းတွေ ချစ်သူကို မပြောဘူး……..
ငါတစ်ယောက်တည်း ငိုရင်းနဲ့ ရေးဖြစ်ခဲ့တဲ့ ဒီကဗျာအကြောင်းလည်း
ချစ်သူကို မပြောတော့ပါဘူး……………
လွမ်းမောမှုများ
ကာလတွေထဲ ပစ်ချခံထားရတဲ့
ဝင်လေထွက်လေတိုင်းမှာ အမှတ်တရလို့ခေါ်မယ့်
တချိန်မှာ…..ရင့်မှည့်ချင်လည်း ရင်မှည့်သွားနိုင်မယ့်
တချိန်မှာ…..ပုပ်သိုးချင်လည်း ပုပ်သိုးသွားနိုင်မယ့်
အ၀ါရောင် သစ်သီးတစ်လုံးရှိတယ်…
ဟိုတုန်းကလည်း ဒီလိုအသက်ရှူနှုန်း
ဒီလိုရာသီ
ဒီလို ၀န်းကျင်
ဒီခန္ဓာ
ဒီလိုအခင်းအကျင်း
ဒီနာမည်နဲ့ ငါဟာ
ဒီအချိန်မျိုးတွေကို ဖြတ်သန်းဖူးသားနဲ့
ခုမှဘာလို့ ဒီလောက်ခဲယဉ်းနေသလဲ
တိမ်နိမ့်တွေ ..
ကောင်းကင်ထဲ အုပ်ဖွဲ့ပျံသန်းနေပုံများ
အထီးကျန်မှုဆိုတာ စိတ်ဝိညာဉ်ထဲ
ထုပ်ပိုးသိမ်းဆည်းထားပြီးသားဖြစ်တဲ့
ဘ၀ရဲ့ လက်ဆောင်မွန်
ဒီ့ထက် လတ်ဆတ်ဖို့ရာ
ကိုယ့်သမိုင်းကိုပဲ သက္ကရာဇ်ဖြိုပစ်ရမည်လား
ကိုယ့်ရင်ခုန်သံကိုပဲ
ချိန်သားကိုက် ဖန်တီးရမည်လား
ဝေ့၀ဲကျနေတဲ့ ရှင်သန်မှုအလျားထဲ
အတိတ်တွေဟာ အသိအမှတ်ပြုမခံရတဲ့
အိပ်မက်လှလှလေးတွေဆိုပါစို့
ဟောဒီညမှာ
ငါဟာ ငါ့အနာဂတ်တွေကို အုံ့အုံ့ဆိုင်းဆိုင်း
လွမ်းဆွတ်နေလေရဲ့………
ူ
ရိုးရိုးသားသားချစ်ခြင်း
ကလေးရေ…….
မင်းမျက်ဝန်းတွေကိုမြင်တော့
စကြ၀ဠာထဲက ကြယ်တွေကိုလွမ်းသွားမိတယ်
မင်းရယ်သံဟာ
ငါ့အတွက် လိပ်ပြာတောင်ပံခတ်သံလေးဆိုလည်းဟုတ်တယ်။
အဝေးကြီးမသွားနဲ့  ကလေးရယ်……..
အဲဒီလို မတားရက်လို့ 
မင်းရဲ့ ခြေသံတွေကိုပဲ တယောတေးသွားတစ်ပုဒ်လို
ခေါင်းငုံ့ ရင်ခုန်ခဲ့တယ်။
ညတွေထဲငါလမ်းပျောက်နေချိန်ဆို
ကလေးကို အိပ်မက်လှလှလေးမက်စေချင်ရဲ့ ……
နှစ်ဆယ့်ငါးနှစ်ပတ်လုံး စုဆောင်းထားခဲ့တဲ့ပျော်ရွှင်မှူတွေ
ကလေးအတွက်လက်ဆောင်မွန်အဖြစ်ထုတ်ပိုးပေးလိုက်မယ်
မင်းကကျေးဇူးတင်ပါတယ်လို့ မပြောနဲ့ ပေါ့။
ဝန်ခံပါတယ်ကလေးရယ်…….
ငါဟာမင်းပြတင်းပေါက်မှာသာနေတဲ့ လတစင်းဖြစ်ချင်လည်း
(လေတိုက်လို့ ပဲဖြစ်ဖြစ်)
ဖျက်ခနဲပိတ်ချသွားမယ့် တံခါးရွက်တွေရဲ့ အသံကို
စိုးရွံ့ သိမ်ငယ်နေမိတာတော့ အမှန်ပဲ ။ ။
