ပျောက်ဆုံးနေသော အဖြေများ
သင်တို့ မိမိကိုယ်ကို ကော်ဖီကြိုက်သူလား .. လက်ဖက်ရည် ကြိုက်သူလား ခွဲခြားသိပါရဲ့လား။ ဥပမာ သင်ဟာ ကြက်ဥကြိုက်သူ ဆိုပါစို့ .. သင်ဟာ ကြက်ဥရဲ့ အကာကို ကြိုက်သူလား.. အနှစ်ကို ကြိုက်သူလား မိမိ ကိုယ်ကို ခွဲခြမ်း စိတ်ဖြာဖူးပါရဲ့လား။ ထို့အတူ သင်ဟာ ကန်ဇွန်းရွက် ကြိုက်သူ ဆိုပါစို့ .. သင်ဟာ ကန်ဇွန်းရွက် အရိုးနှင့် အရွက် မည်သည်အား ပို၍ ကြိုက်နှစ်သက်ပါသနည်း။ သင်တို့ ခွဲခြမ်း စိတ်ဖြာဖူးပါရဲ့လား….
ကျွန်မသည် ကော်ဖီကြိုက်သူ ဖြစ်သည်။ ကန်ဇွန်းရွက်တွင် အရိုးအား ပိုကြိုက်သူဖြစ်ပြီး ကြက်ဥတွင်တော့ အနှစ်နှင့် အကာ မည်သည်အား ပိုကြိုက်နှစ်သက်သည်ကို ယခုထိ မခွဲခြမ်း စိတ်ဖြာနိုင်သေးပါ။ ကျွန်မ ကော်ဖီကြိုက်သူ တစ်ယောက်ဖြစ်မှန်း ရှာဖွေတွေ့ရှိခဲ့သည်မှာ အတော်အတန် ကြာခဲ့ပြီ ဖြစ်သော်လည်း ကန်ဇွန်းရွက်အရိုးအား ကျွန်မ ပို၍ ကြိုက်နှစ်သက်မှန်း ရှာဖွေတွေ့ရှိခဲ့သည်မှာ မကြားသေးမီ ကပင် ဖြစ်သည်။ သေချာသည်မှာတော့ ကျွန်မသည် ကော်ဖီကြိုက်သူ တစ်ယောက်ဖြစ်သည်။
တစ်ခါတရံ ကျွန်မတို့သည် မိမိကိုယ်ကို ခွဲခြမ်း စိတ်ဖြာဖို့ရာ မေ့လျော့နေသည် (သို့) မေ့လျော့ ထားကြသည်ဟု ကျွန်မ ထင်မြင်မိသည်။ ဘ၀တွင် ကော်ဖီ ကြိုက်သူတစ်ယောက်သည် လက်ဖက်ရည်အား မိမိ ကြိုက်နှစ်သက်သည် အထင်နှင့် တစ်ဘ၀လုံး ရွေးချယ်နေခဲ့ကြသူများလည်း ရှိကောင်း ရှိနိုင်ပါသည်။ ထိုသို့ဖြင့် ဘ၀မှတ်တိုင် အချိုးအကွေ့များ တိုက်စား သွားခဲ့ပေမည်။ ထိုသူ မိမိကိုယ်ကို ကိုယ်ဖီ ကြိုက်သူမှန်း မည်သည့် အချိန်တွင်မှ ရှာဖွေတွေ့ရှိမည်နည်း။ အချို့လူများအတွက် အချိန်တိုနှင့် ရှာဖွေတွေ့ရှိနိုင်သော်လည်း အချို့ ရှာဖွေရကောင်းမှန်းမသိ တစ်ဘ၀လုံး မေ့လျော့ သွားခဲ့သည်များလည်း ရှိနိုင်ပါသည်။ သင်တို့ရော မိမိရွေးချယ်ခဲ့မှုများသည် မိမိစိတ်ဝိညာဉ်၏ တောင့်တမှု အစစ်မှန်များ ဖြစ်ခဲ့ပါရဲ့လား။ သို့ဆိုလျှင် စိတ်၏ တောင့်တမှု အစစ်မှန်များကိုသာ ရွေးချယ်သင့်ပါသလား။ ထိုသို့ရွေးချယ်ခြင်းသည် ကောင်းခြင်း (သို့) ဆိုးခြင်း ဖြစ်ပါသလား။ မသေချာပါ…
ကျွန်မသည် ကော်ဖီကြိုက်သူ တစ်ယောက် အဖြစ် ရာနှုန်းပြည့် သေချာပါသည်။ မည်သည့် အချိန်၊ မည်သည့်နေရာတွင်မဆို ကော်ဖီကိုသာ ကျွန်မရွေးချယ်ခဲ့ဖူးပါသည်။ မည်သည့် အရပ်သို့ ရောက်နေနေ ထို ကော်ဖီတစ်ခွက် ရှိရာအရပ်သို့ မဖြစ်မနေ သည်းသည်း မည်းမည်း ကျွန်မ ရောက်ရှိခဲ့သည် ချည်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်မသည် မိမိ စိတ်ဝိညာဉ်၏ တောင့်တမှု အစစ်မှန်ကိုသာ ရွေးချယ်သူ ဖြစ်ပါသည်။ ကျွန်မသည် မိမိ ကိုယ်ကို လှည့်ဖျားသူတစ်ယောက်မဟုတ်ပါ။ သို့သော် ကျွန်မ ရွေးချယ်မှုများ၏ ကောင်းခြင်း၊ ဆိုးခြင်း များမှာ အသေချာပါ။ မသေချာခြင်းဆိုသည်မှာ ၀ှက်ဖဲမမည်သော ၀ှက်ဖဲတစ်ချက်လည်း ဖြစ်သည်။
စိတ်ဝိညာဉ်၏ တောင့်တမှု အစစ်မှန်တိုင်းသည် စိတ်အာဟာရအား ဖြစ်စေပါသလား (သို့) အကောင်း အဆိုး အဖြေတစ်ခုအား ထုတ်ပေးနိုင်ပါသလား။ ပို၍ပင် မသေချာပါ။ ဘ၀တွင် တိုင်းတာရ အခက်ဆုံးသောအရာသည် အကောင်းနှင့် အဆိုး ဖြစ်သည်ဟု ကျွန်မထင်ပါသည်။ စိတ်၏ တောင်းတမှု တိုင်းသည် ကျွန်မတို့အား ပျော်ရွှင် ချမ်းမြေ့မှုများ ပေးနိုင်ပါခဲ့ရဲ့လား။ တဖျက်ဖျက် တရိပ်ရိပ် တုန်ရင်နေသော၊ ပုံမှန်ထက် အချက်များ စွာ ခုန်နေသော ရင်အစုံ၊ မွမ်းကြပ်မောပန်းမှု များနှင့် များစွာသော ဘေးထွက်နာကျင်မှု များအားလည်း ကျွန်မစွဲလန်းသော ကော်ဖီ တစ်ခွက်က ပေးစွမ်းနိုင်လေသည်။ သို့သော် ကျွန်မစွဲလန်းစွာ တရှိုက်မက်မက် ရွေးချယ်နေဆဲပင် ဖြစ်သည်။ သို့သော် ထိုသို့ နာကျင်ခံစားနေရသော ခဏငယ်တိုင်းတွင် စိတ်၏ တောင့်တရာ ကိုသာ စွဲမြဲ ခိုင်မာစွာ ရွေးချယ်ခဲ့သော ကျွန်မ .. ရွေးချယ်မှု ၊ အကောင်း အဆိုးနှင့် မသေချာခြင်းများ အပေါ်ေ၀၀ါးစွား အဖြေထုတ်နေခဲ့မိပါသည်။ ကျွန်မတို့သည် မည်သို့သော သတ္တ၀ါများနည်း။
ကျွန်မ၏ ရွေးချယ်မှု တိုင်း၌ စိတ်ပျော်ရွှင် သာယာမှု ၁၀ ရာခိုင်နှုန်း နှင့် စိတ်ထိခိုက်ပွန်းပဲ့ နာကျင်မှု ၉၀ ရာခိုင်နှုန်း အချိုးကျစွာ ရောနှောပေါင်းစပ်ထားခဲ့သည် မှန်သော်လည်း ကျွန်မသည် စိတ်၏ တောင့်တရာ အစစ်မှန်ကို သာ ထပ်၍ ရွေးချယ်ဦးမည်မှာ သိပ်ကို သေချာနေခဲ့ပါသည်။ သို့သော် နောင်အနာဂတ် ကျွန်မ၏ ရွေးချယ်မှုများ အတွက် နာကျင်မှုဒဏ် အတောင်အသင့် ခံနိုင်သော စိတ်ပဋိပက္ခအားေ ဖြေရှင်းနိုင်သည့် လုံလောက်သော အဖြေ ကျွန်မ ယခုထိ ရှာဖွေရန် ခဲယဉ်းနေဆဲပင် ဖြစ်သည်။ သေချာသည်မှာတော့ ကော်ဖီသည် ကျွန်မအတွက်တော့ ချည်တိုင်တစ်ခုပင် ဖြစ်နေပါသေးသည်။ သို့သော် ကျွန်မသည် စိတ်၏ တောင့်တရာ အစစ်မှန်ကို သာ ရွေးချယ်ကြပါဟု မည်သူ့ကိုမှ တိုက်တွန်းလိမ့်မည်မဟုတ်သလို ကျွန်မကိုယ်တိုင်တွင်တော့ မိမိစိတ်၏ တောင့်တရာ အစစ်မှန်ကိုသာ ဆက်လက် ရွေးချယ်ဖြစ်နေဖြစ်ဦးမည်မှာ သေချာပါသည်။
လင်းပြာနွေ
သြဂုတ်လ ၇ ရက် ၂၀၀၉
သောကြာနေ့
ည ၈ နာရီ
ဲံ
endymion said,
December 18, 2009 at 3:56 am
impressive work!!!
too bad i got to know this site quite late!
just added you on my “cool blogs” list.
-th
mm thinker said,
December 20, 2009 at 4:11 am
အက်ဆေး လက်ကောင်းတယ်