Comment submitted by my beloved one
အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ဆီက ကွန်မန့်လေးပါ… မှတ်မှတ်ရရမို့ POST တစ်ခုအနေနဲ့ တင်လိုက်ပါတယ် …
လင်းပြာနွေ
I read your essay, specifically, the fourth paragraph of your essay this very early morning. And tried to leave the message (not comment). Unfortunately, it failed two times. So this is the third time. Hope this reach to you. After I read the fourth paragraph of your essay, I never want to interfere with your coffee thing. How you should live is sometimes not that important for some people. But living as who you really are is rather important. So do as you are convenient. Any way thank you for giving me the privilege you gave me yesterday. I value it.
Tar Tee
26 August 2009
ပျောက်ဆုံးနေသော အဖြေများ
သင်တို့ မိမိကိုယ်ကို ကော်ဖီကြိုက်သူလား .. လက်ဖက်ရည် ကြိုက်သူလား ခွဲခြားသိပါရဲ့လား။ ဥပမာ သင်ဟာ ကြက်ဥကြိုက်သူ ဆိုပါစို့ .. သင်ဟာ ကြက်ဥရဲ့ အကာကို ကြိုက်သူလား.. အနှစ်ကို ကြိုက်သူလား မိမိ ကိုယ်ကို ခွဲခြမ်း စိတ်ဖြာဖူးပါရဲ့လား။ ထို့အတူ သင်ဟာ ကန်ဇွန်းရွက် ကြိုက်သူ ဆိုပါစို့ .. သင်ဟာ ကန်ဇွန်းရွက် အရိုးနှင့် အရွက် မည်သည်အား ပို၍ ကြိုက်နှစ်သက်ပါသနည်း။ သင်တို့ ခွဲခြမ်း စိတ်ဖြာဖူးပါရဲ့လား….
ကျွန်မသည် ကော်ဖီကြိုက်သူ ဖြစ်သည်။ ကန်ဇွန်းရွက်တွင် အရိုးအား ပိုကြိုက်သူဖြစ်ပြီး ကြက်ဥတွင်တော့ အနှစ်နှင့် အကာ မည်သည်အား ပိုကြိုက်နှစ်သက်သည်ကို ယခုထိ မခွဲခြမ်း စိတ်ဖြာနိုင်သေးပါ။ ကျွန်မ ကော်ဖီကြိုက်သူ တစ်ယောက်ဖြစ်မှန်း ရှာဖွေတွေ့ရှိခဲ့သည်မှာ အတော်အတန် ကြာခဲ့ပြီ ဖြစ်သော်လည်း ကန်ဇွန်းရွက်အရိုးအား ကျွန်မ ပို၍ ကြိုက်နှစ်သက်မှန်း ရှာဖွေတွေ့ရှိခဲ့သည်မှာ မကြားသေးမီ ကပင် ဖြစ်သည်။ သေချာသည်မှာတော့ ကျွန်မသည် ကော်ဖီကြိုက်သူ တစ်ယောက်ဖြစ်သည်။
တစ်ခါတရံ ကျွန်မတို့သည် မိမိကိုယ်ကို ခွဲခြမ်း စိတ်ဖြာဖို့ရာ မေ့လျော့နေသည် (သို့) မေ့လျော့ ထားကြသည်ဟု ကျွန်မ ထင်မြင်မိသည်။ ဘ၀တွင် ကော်ဖီ ကြိုက်သူတစ်ယောက်သည် လက်ဖက်ရည်အား မိမိ ကြိုက်နှစ်သက်သည် အထင်နှင့် တစ်ဘ၀လုံး ရွေးချယ်နေခဲ့ကြသူများလည်း ရှိကောင်း ရှိနိုင်ပါသည်။ ထိုသို့ဖြင့် ဘ၀မှတ်တိုင် အချိုးအကွေ့များ တိုက်စား သွားခဲ့ပေမည်။ ထိုသူ မိမိကိုယ်ကို ကိုယ်ဖီ ကြိုက်သူမှန်း မည်သည့် အချိန်တွင်မှ ရှာဖွေတွေ့ရှိမည်နည်း။ အချို့လူများအတွက် အချိန်တိုနှင့် ရှာဖွေတွေ့ရှိနိုင်သော်လည်း အချို့ ရှာဖွေရကောင်းမှန်းမသိ တစ်ဘ၀လုံး မေ့လျော့ သွားခဲ့သည်များလည်း ရှိနိုင်ပါသည်။ သင်တို့ရော မိမိရွေးချယ်ခဲ့မှုများသည် မိမိစိတ်ဝိညာဉ်၏ တောင့်တမှု အစစ်မှန်များ ဖြစ်ခဲ့ပါရဲ့လား။ သို့ဆိုလျှင် စိတ်၏ တောင့်တမှု အစစ်မှန်များကိုသာ ရွေးချယ်သင့်ပါသလား။ ထိုသို့ရွေးချယ်ခြင်းသည် ကောင်းခြင်း (သို့) ဆိုးခြင်း ဖြစ်ပါသလား။ မသေချာပါ…
ကျွန်မသည် ကော်ဖီကြိုက်သူ တစ်ယောက် အဖြစ် ရာနှုန်းပြည့် သေချာပါသည်။ မည်သည့် အချိန်၊ မည်သည့်နေရာတွင်မဆို ကော်ဖီကိုသာ ကျွန်မရွေးချယ်ခဲ့ဖူးပါသည်။ မည်သည့် အရပ်သို့ ရောက်နေနေ ထို ကော်ဖီတစ်ခွက် ရှိရာအရပ်သို့ မဖြစ်မနေ သည်းသည်း မည်းမည်း ကျွန်မ ရောက်ရှိခဲ့သည် ချည်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်မသည် မိမိ စိတ်ဝိညာဉ်၏ တောင့်တမှု အစစ်မှန်ကိုသာ ရွေးချယ်သူ ဖြစ်ပါသည်။ ကျွန်မသည် မိမိ ကိုယ်ကို လှည့်ဖျားသူတစ်ယောက်မဟုတ်ပါ။ သို့သော် ကျွန်မ ရွေးချယ်မှုများ၏ ကောင်းခြင်း၊ ဆိုးခြင်း များမှာ အသေချာပါ။ မသေချာခြင်းဆိုသည်မှာ ၀ှက်ဖဲမမည်သော ၀ှက်ဖဲတစ်ချက်လည်း ဖြစ်သည်။
စိတ်ဝိညာဉ်၏ တောင့်တမှု အစစ်မှန်တိုင်းသည် စိတ်အာဟာရအား ဖြစ်စေပါသလား (သို့) အကောင်း အဆိုး အဖြေတစ်ခုအား ထုတ်ပေးနိုင်ပါသလား။ ပို၍ပင် မသေချာပါ။ ဘ၀တွင် တိုင်းတာရ အခက်ဆုံးသောအရာသည် အကောင်းနှင့် အဆိုး ဖြစ်သည်ဟု ကျွန်မထင်ပါသည်။ စိတ်၏ တောင်းတမှု တိုင်းသည် ကျွန်မတို့အား ပျော်ရွှင် ချမ်းမြေ့မှုများ ပေးနိုင်ပါခဲ့ရဲ့လား။ တဖျက်ဖျက် တရိပ်ရိပ် တုန်ရင်နေသော၊ ပုံမှန်ထက် အချက်များ စွာ ခုန်နေသော ရင်အစုံ၊ မွမ်းကြပ်မောပန်းမှု များနှင့် များစွာသော ဘေးထွက်နာကျင်မှု များအားလည်း ကျွန်မစွဲလန်းသော ကော်ဖီ တစ်ခွက်က ပေးစွမ်းနိုင်လေသည်။ သို့သော် ကျွန်မစွဲလန်းစွာ တရှိုက်မက်မက် ရွေးချယ်နေဆဲပင် ဖြစ်သည်။ သို့သော် ထိုသို့ နာကျင်ခံစားနေရသော ခဏငယ်တိုင်းတွင် စိတ်၏ တောင့်တရာ ကိုသာ စွဲမြဲ ခိုင်မာစွာ ရွေးချယ်ခဲ့သော ကျွန်မ .. ရွေးချယ်မှု ၊ အကောင်း အဆိုးနှင့် မသေချာခြင်းများ အပေါ်ေ၀၀ါးစွား အဖြေထုတ်နေခဲ့မိပါသည်။ ကျွန်မတို့သည် မည်သို့သော သတ္တ၀ါများနည်း။
ကျွန်မ၏ ရွေးချယ်မှု တိုင်း၌ စိတ်ပျော်ရွှင် သာယာမှု ၁၀ ရာခိုင်နှုန်း နှင့် စိတ်ထိခိုက်ပွန်းပဲ့ နာကျင်မှု ၉၀ ရာခိုင်နှုန်း အချိုးကျစွာ ရောနှောပေါင်းစပ်ထားခဲ့သည် မှန်သော်လည်း ကျွန်မသည် စိတ်၏ တောင့်တရာ အစစ်မှန်ကို သာ ထပ်၍ ရွေးချယ်ဦးမည်မှာ သိပ်ကို သေချာနေခဲ့ပါသည်။ သို့သော် နောင်အနာဂတ် ကျွန်မ၏ ရွေးချယ်မှုများ အတွက် နာကျင်မှုဒဏ် အတောင်အသင့် ခံနိုင်သော စိတ်ပဋိပက္ခအားေ ဖြေရှင်းနိုင်သည့် လုံလောက်သော အဖြေ ကျွန်မ ယခုထိ ရှာဖွေရန် ခဲယဉ်းနေဆဲပင် ဖြစ်သည်။ သေချာသည်မှာတော့ ကော်ဖီသည် ကျွန်မအတွက်တော့ ချည်တိုင်တစ်ခုပင် ဖြစ်နေပါသေးသည်။ သို့သော် ကျွန်မသည် စိတ်၏ တောင့်တရာ အစစ်မှန်ကို သာ ရွေးချယ်ကြပါဟု မည်သူ့ကိုမှ တိုက်တွန်းလိမ့်မည်မဟုတ်သလို ကျွန်မကိုယ်တိုင်တွင်တော့ မိမိစိတ်၏ တောင့်တရာ အစစ်မှန်ကိုသာ ဆက်လက် ရွေးချယ်ဖြစ်နေဖြစ်ဦးမည်မှာ သေချာပါသည်။
လင်းပြာနွေ
သြဂုတ်လ ၇ ရက် ၂၀၀၉
သောကြာနေ့
ည ၈ နာရီ
ဲံ
ငါဘာမှမသိပါ
နာကျင်မှုကို ဘယ်လို စာလုံးနဲ့ ပေါင်းမလဲ….
လူတစ်ယောက်ဟာ ချစ်တတ်တယ် မချစ်တတ်ဘူး ဘာနဲ့တိုင်းမလဲ ….
ညစဉ် မက်တဲ့ အိပ်မက်ဆိုးနဲ့
လန့်လန့်နိုးနေဆဲ
ဒီလိုမျိုး ထွက်ခွာသွားမယ်ဆိုလည်း
ဒါနဲ့ ညီမျှတဲ့ ခံနိုင်ရည်မျိုး
တစ်ဖက်မှာ ငါ့ကို ပေးခဲ့သင့်တာပေါ့ လောကဒဏ်ရယ် ..
အဲဒီလို ယုံတောင်ပြေး ခွေးမြောက်လိုက် အတွေးတွေနဲ့
နာကျင်မှုက ဆေးမတိုးတော့တဲ့ အခြေနေ ..
ငါက လောဘကြီးသူမဟုတ်ဘူး
အများသုံး ပေတံကြီးနဲ့လည်း ချစ်ခြင်းကို ငါမတိုင်းခဲ့ဖူးဘူး
ဘုရားစူး တကယ်
အရော်အစားကြီးတယ်ဆိုလည်း
ချစ်တတ်ချင်ပါသေးတယ် …
တစ် နှစ် သုံး ရေမယ်
အချစ်ကို ငါ ပိုတွက်ခဲ့မိပြီလား
မသေချာမရေရာခြင်းတွေကိုမှ
လျှော့တွက်ခဲ့မိပြီလား …
ခါးမှန်းသိတယ်
ဘ၀ဟာ သင်ယူစရာ များမှန်းသိတယ်
တမြေ့မြေ့ တိုက်စားပြုန်းတီးသွားနိုင်တဲ့
အဆိပ်ရည်တွေမှန်းလည်းသိတယ်
သိတယ်ဆိုတဲ့ အသိလည်း ရှိတယ်
ကဲ ဘာလိုသေးလဲ
ဒါနဲ့တောင်
မိုးလင်းတိုင်း
ပူနွေးစိုစွတ်တဲ့ မျက်ဝန်းတွေနဲ့
နိုးထနေရဆဲ ..
တရေးနိုးထမေးတောင်
နောက်ထပ်တစ်ခါ
နောက်ထပ်ကြိမ်ဖန်များစွာ
ရှုံးနိမ့်ဦးရင်တောင်မှ
ဘုရားစူးတကယ်
ငါချစ်တတ်သေးချင်ပါသေးတယ် ။
လင်းပြာနွေ
၁၀နာရီ ၃၀ မိနစ်
၁၃ ဇူလိုင် ၂၀၀၉
တနင်္လာနေ့
( ဒီကဗျာလေးက ဟိုလွင့် ဒီလွင့် ဟိုရောက်ဒီရောက် ဖြစ်နေမှာတော့ သေချာပါတယ်။ ဒီကဗျာကို ကျွန်မရဲ့ ပြန်လည် တည်ဆောက်နေဆဲ ကာလမှာ ရေးခဲ့တာကြောင့် အခုကဗျာထဲက ပုံရိပ်တွေက ယခုလက်ရှိကျွန်မလို့ ဆိုရင်လည်း ရပါတယ်။ တစ်စုံတစ်ခုဆီက ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုရမှန်း မသိတော့အောင် ဖရိုဖရဲ အပိုင်းပိုင်း အစစ လွင့်စင်သွားခဲ့တဲ့ ကျွန်မ သတ်မှတ်ထားတဲ့ တန်ဖိုး၊ ယုံကြည်မှု၊ အိပ်မက်တွေ နှင့် ကျွန်မကိုယ်တိုင်ကို တစ်မှုန်စီလိုက်ကောက်နေရတဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့် ကျွန်မ ဘာကိုမှမသိတော့တာတော့ တကယ့်လက်ရှိ ကျွန်မရဲ့ အမှန်တရားတစ်ခုပါပဲ။ ဒါကြောင့်လည်း ကျွန်မ လက်ရှိကာလမှာ စာတွေအများကြီး မရေးချင်ပါဘူး။ လက်ရှိကာလ ကျွန်မ စိတ်ခံစားမှု အရောင်တွေ ရှုပ်ထွေးပါဝင်နေမှာ စိုးလို့ပါ။ ကျွန်မကိုယ်တိုင်နဲ့ အတတ်နိုင်ဆုံးကင်းလွတ်တဲ့ အနုပညာလက်ရာသန့်တွေ ဖန်တီးချင်ပါသေးတယ်။
ကျေးဇူးတင်စွာဖြင့် …
လင်းပြာနွေ)
ကိုယ်ပိုင်မှတ်စု
လွမ်းပြီ ရန်ကုန်မြေရေ…။ ကျွန်မ မကြာခဏ ငြီးမိတဲ့ စကားတစ်ခွန်း။
အဖေ… သမီး ပြန်လာခဲ့ပြီ.. ဘ၀ဆီက သင်ယူမှုတွေတပွေ့တပိုက်နဲ့ သမီးပြန်လာခဲ့ပြီ….။
မာနတရားနဲ့ သိက္ခာတွေ.. ယုံကြည်မှုနဲ့ ကိုယ်ကျင့်တရားတွေ.. သစ္စာတရားနဲ့ မြတ်နိုးမှုတွေ.. သင်းဂြိုဟ် ခံရဖူးတဲ့ ဟောဒီ ဆေးရောင်ဆန်းပြားနေ့ရက်တွေ ကျွန်မအတွက် ကြိုတင် သိမထားခဲ့ တဲ့ ဘ၀ရဲ့ သင်းရိုးညွှန်းတမ်း တစ်ခုဖြစ်ခဲ့တယ် ။ ရိုးရိုးသားသား ရှင်သန်ဖို့ပဲ ကုတ်ကပ်ကြိုးစားခဲ့ပါတယ်။ ခွင့်လွှတ်လွယ်မှုနဲ့ မနာကျည်းတတ်မှုတွေဟာ ကျွန်မနှလုံးသားကိုကျ.. ဟိုး.. ချောက်နက်နက်တွေထဲ ဆွဲသွင်းသွားခဲ့လေတယ်..။ ရိုးရိုးသားသား ချစ်ခင် မြတ်နိုး ခဲ့ပါတယ်.. ရိုးရိုးသားသား တမ်းတညွတ်နူးခဲ့ဖူးပါတယ်..။ ရိုးရိုးသားသာ ကြည်နူးခဲ့ရတယ်။ ရိုးရိုးသားသား ၀မ်းနည်းခဲ့ရတယ်..။ ရိုးရိုးသားသား ရင်ကွဲနာနဲ့ ဆန်းပြာတဲ့ နေ့ရက်တွေကြား .. ဘ၀မှာ .. ဟောဒီလူတွေဆီမှာ.. ရိုးသားမှုတွေ အနည်းဆုံး ရှိကိုရှိမှာပါဆိုတဲ့ မျှော်လင့်ချက်က ကျွန်မရင်ထဲ ဇွဲကြီးစွာ ထင်ကျန်နေဆဲပါပဲ..။
ဒီည ကျွန်မ အဖေ့အိမ် ပြန်ခဲ့မယ်…..။
ရိုးရိုးသားသား နာကျင်ခဲ့တဲ့ အဖေ့သမီး.. ရိုးသားစွာပဲ အဖေ့အိမ် ပြန်ခဲ့ဦးမှာပါ….။
လင်းပြာနွေ
မတ်လ ၂၈ စနေနေ့
မနက် ၁၀း ၃၀
လေညင်းသို့
တိတ်တိတ်လေး ဖြတ်မောင်းသွားတဲ့ ရထား သံကြားတယ်
ဘယ်အရပ်ကို ထွက်ခွါပြီလဲ….
ဒါမှမဟုတ်
ဘယ်အရပ်သို့ ဆိုက်ကပ်ပြီလဲ……..
ခိုကပ်ဝင်လာတဲ့ လေညင်းတွေက
အရင်တုန်းက တိုက်ခဲ့တဲ့ လေတွေလို မဟုတ်သလိုပဲ….
စိမ်းစိမ်း ခါးခါး……
လေညင်းလေး တိုက်ရုံနဲ့တောင်
ရင်ဘတ်ဆီက စူးစူးဝါးဝါးအောင့်တယ်
ပုစဉ်းရင်ကွဲတွေလို ခြစ်ကုတ်အော်နေမိတယ်
အ
သံ
တိတ်……
လက်နက်မပါတဲ့လူ
မခုခံ တတ်တဲ့လူ
မနာကျည်းတတ်တဲ့လူ ကိုမှ
အနိုင်ယူလိုသတဲ့လား လေညင်းရယ်……
ထပ်
ပြော
မယ်…..
အနိုင်မယူလိုပါ
အရှုံးတွေပဲ ပေးခဲ့လည်း
ဘ၀ရဲ့  ဆု လာဘ်တွေ အဖြစ်
မှတ်တိုင်စိုက်ခဲ့ပါ့မယ်……
နာကျင်ပါတယ်
အသက်ရှူကျပ်မတတ် နာကျင်မိတိုင်း
တိမ်မမြင် လမမြင်ရခဲ့ဖူးတဲ့
ကြည်နူးမှုတွေကြောင့်
ကျေးဇူးတင်နေမိပြန်တယ်
လွင့်ပါလေညင်းရယ် မင်းစိတ်စေရာ …….
လေညင်းရယ်…
အပျော်သဘောနဲ့ပဲ လှုပ်ခတ်သွား လှုပ်ခတ်သွား
ဦးတည်ရာမဲ့စွာပဲ ၀င်ခဲ့ဝင်ခဲ့
ငါ့ကမ္ဘာလေးထဲ
မျက်စိလည် လမ်းမှားရောက်လာခဲ့ဖူးလို့
ကျေးဇူးတင်တယ်။
လင်းပြာနွေ
မတ် ၂၆ ၂၀၀၉
ည ၁၂ နာရီ
ဟောင်းနေတဲ့ စိတ်သစ်
စိတ်ဟာ
မြစ်ရေနဲ့တူသလား
အဆက်မပြတ်
တသွင်သွင် စီးနေသံကြားတယ်……
မနေ့က ကလေးငယ်ရဲ့ အိပ်မက်
သီချင်းလုပ်ငြီးနေသူ နေ့သစ်တွေကြား
မနက်ဖြန်နဲ့ ဒီနေ့
ဘယ်လောက်ပြောင်းလဲခြင်း တန်းဖိုးရှိမှ
ဖြစ်တည်မှူတွေကွဲလွဲမလဲ……
ခုက ၂၀၀၉ တဲ့
၂၀၀၈ ကို အပြီးသတ်တိုက်စားလိုက်တာ မှန်ပေမယ့်
ဘယ်တန်ဖိုးတွေ စိတ်မှာ ပါးလျားသွားပြီး
ဘယ်တန်ဖိုးတွေ စိတ်မှာ ထိုးထောင်ထွက်လာခဲ့ပြီလဲ……
နည်းနည်းလေး ပျော်ရွှင်ပါတယ်
နည်းနည်းလေး ၀မ်းနည်းပြန်တယ်…..
နည်းနည်းလေး အောင်မြင်ပါတယ်
နည်းနည်းလေး ကျရှူံးနေပြန်တယ်…..
နည်းနည်းလေး ဆိတ်ငြိမ်နေပြန်တယ်
နည်းနည်းလေး ဆူညံနေသေးပြန်တယ်……
ပျော်ရွှင်
ကျရှူံး
ဆိတ်ငြိမ်
အောင်မြင်
ဝမ်းနည်း
ဆူညံ
ဘ၀ဟာ ဒီဝင်ရိုးလေးတွေနဲ့
ပုံဖေါ်ထားတာလို့
တင်စားမယ်ဆို……
ဒီခေတ်ကာလကြီးထဲမှာ
ငါ
သေးသေးနုတ်နုတ်လေး ရှင်သန်နေသေးတယ်…….
ဇန်န၀ါရီ ၁၂ ရက် ၂၀၀၉
တနင်္လာနေ့
မနက် ငါးနာရီ
ဆောင်း
စိတ်တွေပဲ ချမ်းသလား ရုပ်ခန္ဓာကပဲ ချမ်းသလား
နူးနူးညံ့ညံ့ နေရာယူတတ်သူ ဆောင်း
ခုတစ်ခါတော့
ရင်ကွဲအောင် ချမ်းရဲ့….
ဆောင်းရယ်
သက်တော်ရာကျော်ရှည်ပါစေ
နှင်းတောကြီးထဲ
ကောင်မလေးတစ်ယောက်
မျက်လုံးစုံမှိတ် ဆုတောင်းခဲ့ဖူးတယ်…
ဆောင်းရယ် ..
မြူတွေထဲ မသဲကွဲဘူး…
မနှစ်က ဆောင်းလား ဒီနှစ်ဆောင်းလား….
အဲဒီလိုပဲ လုံခြုံခဲ့ဖူးတာ…
စိတ်ဝိညာဉ်လေး ခိုက်ခိုက်တုန်နေတယ်…
ခန်းလုံးပြည့်နေရာယူထားတာ
ဆောင်းရဲ့ အေးစက်မှုတွေလား
အသက်တောင်မရှူရဲအောင်
နှာသီးဖျားထဲ စိမ့်ဝင်လာတဲ့ လေက
နှလုံးသားကို တိတ်တခိုးလေး ဆောင့်ဆောင့်တိုးတယ်….
ဆောင်းရယ်
ဝင်ခဲ့ပါ..
နွေးထွေးတဲ့ အလွမ်းတွေပါ ခေါ်လာခဲ့ပါ…
ဆောင်းရယ်
ခြေသံဖွဖွနင်း မင်းထွက်ခွာသွားတဲ့ခါ
မင်းရဲ့….ဆောင်းအိပ်မက်ရှည်ကြီးက
နှိုးခဲ့ပါ……
မင်းရဲ့ ဆောင်းအိပ်မက်ရှည်ကြီးက
ငါ့ကို နှိုးခဲ့ပါ…………
( အမှတ်တရ ချင်းမိုင်ဆောင်းညများသို့…..)
ဟောဒီညကို နှုတ်တယ်
စိတ်ရဲ့ ဆောက်တည်ရာ ဘယ်မှာ
လုံးဝ ကျဆုံးသွားပြီ
စစ်ထွက်တေးတွေ
နားမတိုးတော့
အောင်စည်အောင်မောင်း တီးစရာမလို
ကျဆုံးခဲ့ပြီ
ကိုယ့်ကိုကိုယ် ကိုယ့်လက်နဲ့ အမြဲထူခဲ့ပါတယ်
ဟောဒီတစ်ခါ
လုံးဝကျဆုံးခဲ့ပြီ
အေးတယ်
သွေးခဲမတတ်
လွမ်းတယ်
ဆောက်တည်ရာမဲ့
လေတယ်
ဘယ်ကိုမှ ခြေဦးမချချင်လောက်အောင်
ပိတယ်
လှုပ်မရတဲ့ စိတ်ဖိစီးဝန်တွေ
ပေါက်ကွဲတယ်
ယဉ်ကျေးချင်စိတ် လုံးဝကုန်ခမ်းသွားလောက်အောင်
စိတ်ကို နုတ်နုတ်စင်းနေတာ ဘယ်အရာလဲ
တစ်ပါဒမှ မပြောချင်လောက်အောင်
လွတ်တယ်
ဒီည
ငါစိတ်ရှိတိုင်း
ကျဆုံးနေလိုက်တာ
နည်းနည်းလေးမှ ယဉ်ကျေးချင်စိတ်မရှိတော့ဘူး…….
နည်းနည်းလေးမှ ယဉ်ကျေးချင်စိတ်မရှိတော့ဘူး ……..
အိပ်မက်မက်သူများ
တစ်မှေးအိပ်နိုင်ဖို့
တစ်ညလုံးရင်းခဲ့ရသူတွေ….
တစ်ညတာ အိပ်စက်ရင်း
တရေးနိုးလာသူတွေ…..
ညကို အိပ်မက်နဲ့ဟင်းလင်းဖွင့်ချင်ကြတယ်
နှင်းတစ်စက်ကျသွားသံနဲ့
သူတို့ နှလုံးခုန်သံတစ်ချက်
တစ်ထပ်တည်းတဲ့
ဆုံးရှုံးမှုကို မြတ်နိုးတာဆိုလို့
အိပ်မက်မက်သူတွေပဲ ရှိတယ် ။
ပင်လယ်လေရှူထွက်ခြင်း
နက်မှောင်နေတဲ့ ညကြီးထဲ
ပင်လယ်မှာ လှိုင်းတစ်ခုတတ်လာတိုင်း
လူ့အတ္တတွေလားလို့ ငါသံသယ၀င်မိတယ် ။
အမှန်ဆို ဒီည ပန်းရနံ့တွေ မွှေးပျံ့နေသင့်တာလေ….
အမှန်ဆို ဒီည ပင်လယ်ရဲ့ ဂီတမှာ မွှေ့လျော်နေသင့်တာလေ….။
ရေအောက်မှာ မြုပ်နေတဲ့ ခရုငမွဲလေးတစ်ကောင်သာ ဖြစ်လိုက်ချင်တယ်
ကိုယ့်ကိုယ်ကို ဘယ်မှာ ၀ှက်ထားရမှန်းမသိ
လူတိုင်းမှာ ငါ့ကို ရှာနိုင်တဲ့ မြေပုံတစ်ခုစီရှိတယ် ။
မြို့ပြလို ဆွဲဆွဲငင်ငင် ခွေးအူသံများလည်း မရှိ
ပင်လယ်ကတော့ အော်မယ်ထင်ပါရဲ့
စိတ်အမှုံအမွှားတွေ သဲပြင်တွေပေါ်ကျသွားတယ်
ငါတစ်လှမ်းလှမ်းရင် ခြေရာတစ်လှမ်းစာထင်မယ်
ရှေ့ကိုပဲလှမ်းလှမ်း….နောက်ကိုပဲ လှမ်းလှမ်း
သူတို့ကို ဖျက်မဲ့ လှိုင်းတွေက
အချိန်မှန် တတ်လာနေမှာပဲ ။
ကြယ်တွေများလွန်းတော့ရော ဘာအရေးလဲ
ကြယ်တွေကြွေလွန်းတော့ရော ဘာအရေးလဲ
ကောင်းကင်က သူ့ရင်ခွင်ထဲ
မဆန့်မပြဲ ထည့်ထားမှာပဲ….
မနှစ်သိမ့်ပါနဲ့ …ကောင်းကင်ရယ်
ကြယ်လေးတွေက ချော့ရင် ပိုငိုတတ်ကြတယ် ။
မီးပြတိုက်လေးရေ..
ရွက်လွှင့်ရောက်လာသူတွေကို လက်ခံလိုက်ပါ
တစ်ခါတရံ ကမ်းကို မမျှော်ပဲ
စုံလုံးသာ မျှောနေပစ်လိုက်ချင်တယ် ။
ဒီပုံနဲ့ ပဲ ခုညထဲ
လွတ်လပ်တဲ့လေကို ရှူရင်း
လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိ
ကျားထိုးထွက်တိုက်တဲ့ အချိန်ကျမှ
လူအတုတွေနဲ့ စစ်ခင်းခဲ့ရမှန်း ငါသိခဲ့တယ် ။